မိုးညို နိုဝင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မိုး ဦးဆောင်မှုဖြင့် မကူးစက်တတ်သောရောဂါများ ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် သွေးတိုးရောဂါ၊ ဆီးချို၊ သွေးချို ရောဂါများကုသမှုပေးခြင်းကို နိုဝင်ဘာ ၅ ရက် နံနက် ၉ နာရီခွဲအချိန်က ပြုလုပ်ခဲ့သည်။
ကျန်းမာရေးအသိပညာပေးပြောကြားရာတွင် ကျန်းမာရေးမှူးအဆင့် (၁) ဦးတင်အောင်က မကူးစက်တတ်သောရောဂါများဖြစ်သည့် သွေးတိုး၊ ဆီးချိုသွေးချို၊ နှလုံးသွေးကြောကျဥ်း၊ နာတာရှည်၊ အဆုပ်လေပြွန်ရောင် စသည့်ရောဂါများ ကာကွယ်နိုင်မည့်နည်းလမ်းများ၊ ကျန်းမာရေးနှင့်ညီညွတ်အောင် နေထိုင်စားသောက်မှု၊ ကိုယ်လက်လှုပ်ရှားမှု၊ သွေးတိုး၊ ဆီးချိုသွေးချိုရောဂါများ၏ နောက်ဆက်တွဲရောဂါအကြောင်း အသိပညာပေးခြင်းနှင့် အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ဆေးဝါးများ အခမဲ့ပေးအပ်လျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် ကျန်းမာရေးအတွက် လာရောက်စစ်ဆေးပြသသူ (၅၀) ဦးအား ကိုယ်အလေးချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း၊ သွေးတိုး၊ ဆီးချို၊ သွေးချိုရောဂါများ စစ်ဆေး၍ လိုအပ်သောဆေးဝါးနှင့်ကုသခြင်းများကို အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)