မြိတ် နိုဝင်ဘာ ၆
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတော်ကို ဗုဒ္ဓဘာသာအသင်းကြီးမှ ကြီးမှူး၍ ကန်ဖျားရပ်ကွက် ဘုရားငါးဆူကွင်း၌ (၆)ရက်တိုင်တိုင်ကျင်းပခဲ့ပြီး တန်ဆောင်မုန်းလပြည့်နေ့ နိုဝင်ဘာလ (၄) ရက် ညနေပိုင်းမှစတင်ကာ ဘုရားငါးဆူကွင်းမှ ဒေသ စာရီ လှည့်လည်ပူဇော်ပွဲကျင်းပရာ လမ်းတလျှောက်ဘုရားဖူးပြည်သူများဖြင့် မြိတ်မြို့၏ တန်ဆောင်မုန်းလပြည့်ညသည် ခြိမ့်ခြိမ့်သဲစည်ကားခဲ့ကြောင်း သိရသည်။
မြိတ်မြို့တွင် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတော်ကို နှစ်စဉ်ကျင်းပလျက်ရှိပြီး ယခုနှစ်တွင် (၉၅) ကြိမ်မြောက် ဘုရားပွဲတော်ကို အောက်တို ဘာလ(၃၀)ရက်မှ နိုဝင်ဘာ(၄)ရက်အထိ (၆)ရက် တိုင်တိုင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကာ ပွဲတော်ရက်များအတွင်း ဘုရားဖူးပြည်သူ များအား ညစဉ်ဇာတ်သဘင်နှင့်ပျော်ပွဲရွှင်ပွဲများဖြင့် ဖျော်ဖြေခဲ့ရာ ကျိတ်ကျိတ်တိုးစည်ကားခဲ့သည်။
တန်ဆောင်မုန်းလပြည့်နေ့ ညနေပိုင်းမှစတင်ကာ ဘုရားငါးဆူကွင်း ယာယီစံကျောင်းတော်များမှ နှစ်ကျိပ်ရှစ်ဆူဘုရား မြို့တွင်းလှည့်လည်ပူဇော်ပွဲကို ဗုဒ္ဓဘာသာအသင်းကြီးမှ ဦးဆောင်ကာ ပြဿဒ်မော်တော်ယာဉ်များဖြင့် မီးအလှဆင်ပြီး ဘုရားပွင့်စဉ်များအလိုက် ရပ်ကွက်အသီးသီးသို့ သတ်မှတ်လမ်းကြောင်းအတိုင်း လှည့်လည်ပူဇော်ခဲ့ကြသည်။
နှစ်ကျိပ်ရှစ်ဆူဘုရား မြို့တွင်းလှည့်လည်ပူဇော်ရာလမ်းတလျှောက်၌ ဘုရားဖူးပြည်သူများက ဆီမီး၊ အမွေးနံ့သာတိုင်ထွန်းညှိပူဇော်ခြင်း၊ ရောင်စုံမီးများထွန်းညှိပူဇော်ခြင်း၊ အလှူငွေများ လှူဒါန်းခြင်းဖြင့် ကုသိုလ်ပြုလှူဒါန်းပူဇော်ခဲ့ကြသည်။ ထို့အတူဘုရားလှည့်လည်ပူဇော်ရာ လမ်းတလျှောက်တွင်လည်း စေတနာရှင်အလှူရှင်များ၊ အသင်းအဖွဲ့များ၊ သူငယ်ချင်း မိတ်ဆွေများစုပေါင်းကာ စတုဒီတာများကျွေးမွေးခြင်း၊ ဓမ္မတေးများသီဆိုဖွင့်လှစ်ကြိုဆို ကုသိုလ်ယူကြသည်။
ရာသီအလိုက် အထင်ကရပွဲတော်များ၌ တစ်ခုအပါအဝင်ဖြစ်သည့် နှစ်ကျိပ်ရှစ်ဆူဘုရား ပူဇော်ပွဲတော်သည် မြိတ်မြို့၏ တန်ဆောင်မုန်းလတွင် စည်ကားသိုက်မြိုက်စွာ ပူဇော်ကျင်းပသည့် ဗုဒ္ဓပူဇာသဘင်ဖြစ်ကာ နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်လည်ပူဇော်ရာတွင် မင်္ဂလာစည်တော်ယိမ်း၊ ဥပါသကာ၊ ဥပါသိကာများဖြင့် နှစ်ကျိပ်ရှစ်ဆူဘုရားများကို ပြဿဒ်မော်တော်ယာဉ်များဖြင့်ပင့်ဆောင်၍ ဒေသစာရီလှည့်လည်ပူဇော်ခဲ့ရာ မြိတ်မြို့၏ တန်ဆောင်မုန်းလပြည့်ညသည် ဘုရားဖူးပြည်သူများဖြင့် ခြိမ့်ခြိမ့်သဲစည်ကားခဲ့ကြောင်း သိရသည်။
ခိုင်ထူး