အထက်မင်းလှ နိုဝင်ဘာ ၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မွေးစမှ အသက်တစ်နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲက တောင်ရပ်ကွက်ရှိ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံး၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဆရာမ ဒေါ်ဇင်မာဝင်းနှင့် ဆရာမများက မြို့နယ်အတွင်းရှိ မွေးစမှအသက် ၁ နှစ်ခွဲအထိ ကလေးငယ်များအား အသက်အရွယ်အလိုက် ဘီစီဂျီ၊ ပိုလီယို၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော (ရိုတာ) ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဝက်သက်ဂျိုက်သိုးရောဂါကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။
မင်းလှမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်နှင့်အဘိတ်ဆေးခပ်ခြင်းနှင့် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝင်းမြတ်(အထက်မင်းလှ)