ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ စိုက်ပျိုးရေနှင့် သီးနှံအောင်ရေ အပြည့်အဝ ဖြန့်ဝေပေးနိုင်ရေးအတွက် ရေလက်တံမြောင်းများ ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများဆောင်ရွက်

ပွင့်ဖြူ နိုဝင်ဘာ ၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ဒေသခံတောင်သူများ သီးနှံအထွက်နှုန်း ကောင်းမွန်စေရေးအတွက် စိုက်ပျိုးရေနှင့် သီးနှံအောင်ရေ အပြည့်အဝဖြန့်ဝေပေးနိုင်ရန် မဲဇလီရေလွှဲဆည်မှ စိုက်ပျိုးရေ ဖြန့်ဝေပေးလျက်ရှိသော တောင်မုန်း မြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာအတွင်းရှိ ရေလက်တံမြောင်းများ ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်လင်း၏ကြီးကြပ်မှုဖြင့် ဆည်ရေလုပ်သားများအဖွဲ့က တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာအတွင်းရှိ သီးနှံစိုက်ခင်းများ စိုက်ပျိုးရေနှင့်သီးနှံအောင်ရေ အပြည့်အဝရရှိစေရန် ရေပေးမြောင်းများအားလုံး မြောင်းဆုံး၊ မြောင်းဖျားအထိ ဆည်ရေရရှိစေရေးအတွက် ရေလက်တံမြောင်းများအတွင်း ပိတ်ဆိုနေ့သော ရေမှော်မပင်များ၊ ဒိုက်ပင်များနှင့် ရွှံ့နုန်းမြေများကို စနစ်တကျ ဆယ်ယူရှင်းလင်းခြင်း၊ ရေပေးမြောင်းဘောင် ဘေး(ဝဲ၊ ယာ)ရှိ ခြုံနွယ်များနှင့် ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ တောင်သူများ ဆည်ရေရယူသုံးစွဲရာ၌ လေလွင့်ဆုံးရှုံးမှု မရှိစေရေး စနစ်တကျသုံးစွဲရေး အသိပညာပေးခြင်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ဒေသခံ တောင်သူများ ရာသီအလိုက် သီးနှံများစိုက်ပျိုးရာတွင် စိုက်ပျိုးရေနှင့် သီးနှံအောင်ရေလုံလောက်စွာ ရယူသုံးစွဲနိုင်ရန်အတွက် မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်း မြောင်းမကြီးတို့မှတစ်ဆင့် စနစ်တကျဖြန့်ဝေပေးလျက်ရှိရာ ရေလက်တံမြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ဆည်ရေလုပ်သားများအဖွဲ့က နေ့စဉ်ကွင်းဆင်းစစ်ဆေးပြီး ရေပေးမြောင်းများရှိ ရေမှော်ပင်များနှင့် ဒိုက်ပင်များ ဆယ်ယူရှင်းလင်းခြင်းလုပ်ငန်းနှင့် မြောင်းဘောင် (ဝဲ၊ ယာ) သန့်ရှင်း သပ်ရပ်မှုရှိစေရေး ခြုံနွယ်ပေါင်းမျက်များ ခုတ်ထွင်ရှင်းလင်းခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိသည့်အပြင် ဆည်ရေစနစ်တကျ သုံးစွဲရေးအတွက် တောင်သူများပါဝင်သော ရေအသုံးချသူများ အဖွဲ့(WUG)များဖွဲ့စည်း၍ စိုက်ပျိုးရေနှင့် သီးနှံအောင်ရေ လေလွင့်မှုမရှိစေရေး စနစ်တကျ စီမံဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။                         

လှိုင်ဝင်းလေး