ဇီးကုန်းမြို့နယ်၌ ကျောင်းသား/ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားရေး၊ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်

ဇီးကုန်း နိုဝင်ဘာ ၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ဇီးကုန်းမြို့နယ်၊ လယ်တွင်းကျေးရွာ အခြေခံပညာကျောင်း အ.လ.က (လယ်တွင်း) ၌ ကျောင်းသား/ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် ယနေ့နံနက် ၉ နာရီက စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့်  အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်များ ခင်းကျင်းပြသပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အ.လ.က (လယ်တွင်း)ကျောင်း ကျောင်းအုပ်ဆရာမကြီး​ ဒေါ်ခင်သွယ်သွယ်လင်းက အဖွင့်အမှာစကားပြောကြားပြီး၊ ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်မာမာဦးက ကျောင်းသား/ကျောင်းသူလူငယ်များအနေဖြင့် ကျောင်းစာအပြင် ပြင်ပ စာအုပ်စာစောင်များ လေ့လာဖတ်ရှုခြင်းကြောင့် ကိုယ်တိုင်စဉ်းစားတွေးခေါ်တတ်သော  အတွေးအခေါ် အမြော်အမြင်များ ရရှိစေရန်၊ အားလပ်ချိန်ကို  အကျိုးရှိစွာ အသုံးပြုကြရေး၊ ကျောင်းစာကို ကြိုးစားကြသလို  ဗဟုသုတတိုးပွားစေရန်နှင့် ကလေးအလုပ်သမားပပျောက်ရေးအကြောင်းကိုဟောပြောခြင်း၊ ဒုတိယဦးစီးမှူး ဒေါ်ရီရီမြင့်က ပုံပြင်စာအုပ်များဖတ်ပြခြင်းနှင့် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြင့်မြင့်ခင်က စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း၊ ကုန်ညွှန်းအမှတ်အသား ပြည့်စုံပါဝင်မှုနှင့် စားသုံးရန်မသင့်သော အစားအသောက်များ အကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့၍ အသိပညာပေး နံရံကပ်စာစောင်များကို ပြသပေးခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များကိုပြသ၍ ဖတ်ရှုစေခြင်း၊ကလေးအလုပ်သမားပပျောက်ရေးနံရံကပ်စာစောင်၊ကလေးအလုပ်သမားပပျောက်ရေးနှင့် အသိပညာဗဟုသုတကြွယ်ဖို့ စာအုပ်စာပေဖတ်ကြစို့ အသိပညာပေးနံရံကပ်စာစောင်များ ပြသခြင်းတို့ကိုဆောင်ရွက်ခဲ့ရာ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သားခဲ့ကြောင်း သိရသည်။

တင့်ဆွေ(ပြန်/ဆက်)