ပုသိမ် နိုဝင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသော မျက်မှန်လိုအပ်သောလူနာများ မျက်မှန်တပ်ဆင်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရေကြည်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးအနေဖြင့် ပုသိမ်မြို့ကုတင်(၅၀၀)ဆေးရုံ တိုးချဲ့ပြီးသည့်နောက်ပိုင်းတွင် မျက်စိနှင့်ပတ်သက်သည့် ဝေဒနာရှင်များအား များစွာကြည့်ရှုခွဲစိတ်ပေးခဲ့သကဲ့သို့ ဒေသခံဆရာတော်ကြီးများ၏ ဦးဆောင်မှု၊ စေတနာရှင်အလှုရှင်အသီးသီးကလည်း တိုင်းဒေသကြီး၏ နေရာဒေသအသီးသီးတွင်လည်း နှစ်စဉ်ကုသပေးလျက်ရှိပါကြောင်း၊ ရေကြည်မြို့နယ်တွင်လည်း မျက်စိခွဲစိတ်ကုသခြင်းများကို ကျန်းမာရေးဝန်ကြီးဌာန၏ဦးဆောင်လမ်းညွှန်မှု ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှမျက်စိအထူးကုဆရာဝန်ကြီးများနှင့် ဧရာဝတီတိုင်းဒေသကြီးကုသရေးဦးစီးဌာနလက်အောက်ရှိ ပြည်သူ့ဆေးရုံများမှ မျက်စိအထူးကုဆရာဝန်ကြီးများက လာရောက်ကုသပေးခဲ့ရာ အလှူရှင်အသီးသီးကလည်း ဝိုင်းဝန်းပံ့ပိုးကူညီဆောင်ရွက်ခဲ့ပြီး အောင်မြင်စွာခွဲစိတ်ကုသပေးနိုင်ခဲ့ပါကြောင်း၊ ယနေ့တွင် ခွဲစိတ်စရာမလိုဘဲ အမြင်အာရုံအားနည်းသည့် မျက်စိဝေဒနာရှင်များအား စမ်းသပ်၍ အခမဲ့မျက်မှန်တပ်ဆင်ပေးခြင်းလည်းဖြစ်ပါကြောင်း၊ မျက်မှန်တပ်ဆင်သူများအနေဖြင့် မျက်မှန်တပ်ဆင်ရာတွင် အခက်အခဲများရှိပါက ပြန်လည်ပြောကြားပေးစေလိုကြောင်း၊ မျက်စိဝေဒနာရှင်များသည်လည်း ရှိနေအုံးမည်ဖြစ်၍ မျက်စိစမ်းသပ်ခွဲစိတ်ခြင်းများကို ရေကြည်မြို့နယ်အတွင်းသာမက တိုင်းဒေသကြီးအတွင်းရှိ အခြားသောနေရာများတွင်လည်း ဆက်လက်စမ်းသပ်ခွဲစိတ်ကုသခြင်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း” အမှာစကားပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒေါက်တာသီဟက မျင်စိအတွင်းတိမ်ခွဲစိတ်ခြင်း အောင်မြင်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ၂၀၂၅ ခုနှစ် အောက်တိုဘာ (၁၇) ရက်နေ့မှ (၂၆) ရက်နေ့အထိ ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဆောင်ရွက်ခဲ့သော မျက်စိနှင့်ဆိုင်သောရောဂါများ စွမ်းသပ်မှု ၊ အတွင်းတိမ်လူနာများခွဲစိတ်မှု မှတ်တမ်း ဗီဒီယိုဖိုင်ပြသမှုကို ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး ဦးဆောင်သော အစိုးရအဖွဲ့ဝင်များက မျက်မှန်လိုအပ်သူ(၅၀)ဦးကို မျက်မှန်များတပ်ဆင်ပေးခဲ့ပြီးနောက် ကျန်းမာရေးဝန်ကြီးဌာန၏ဦးဆောင်လမ်းညွှန်မှု ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် မျက်စိအတွင်းတိမ်ခွဲစိတ်ပြီးစီး၍ ပြန်လည်ပြသသောလူနာများကို ရင်းရင်းနှီးနှီးတွေ့ဆုံ၍ မျက်စိခွဲစိတ်ကုသပေးမှုအခြေအနေများ၊ မျက်စိခွဲစိတ်ကုသရန်မလိုသည့် အမြင်အာရုံအားနည်းသူများအား မျက်မှန်စမ်းသပ်တပ်ဆင်ပေးမှုအခြေအနေများနှင့်အားပေးစကားများပြောကြားခဲ့ပြီး လာရောက်ပြသသူများအတွက် အချိုရည်ဗူးများ ပေးအပ်ခဲ့ကြောင်းသိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)