ဘိုကလေးမြို့နယ်တွင် အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် စီမံကိန်းတာဝန်ပေးအပ်ခြင်းနှင့် မျိုးစေ့ပေးအပ်ပွဲ ကျင်းပ

ဘိုကလေး နိုဝင်ဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၏ အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် စီမံကိန်းတာဝန်ပေးအပ်ခြင်းနှင့် မျိုးစေ့ပေးအပ်ပွဲကို နိုဝင်ဘာ(၅)ရက် နေ့လယ်ပိုင်းက စက်ဆန်းကျေးရွာအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှုးရုံး၌  ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့် ကော်မတီဝင်ဌာနဆိုင်ရာများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကျော်ညီညီထွဋ်နှင့် ဝန်ထမ်းများ၊  ဆီထွက်သီးနှံနေကြာနှင့် ပဲပုပ်စိုက်ပျိုးမည့် စက်ဆန်း၊ ထော်ပိုင်နှင့်ဒေါင့်ကြီးကျေးရွာအုပ်စုများမှ တောင်သူများတက်ရောက်ခဲ့ကြပြီး အခမ်းအနားတွင် မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်က တောင်သူများအနေဖြင့် အဓိကသီးနှံများ စိုက်ဧကပြည့်မီရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး အားလုံးကြိုးပမ်း ဆောင်ရွက်ကြရန် အမှာစကားပြောကြားပြီး  မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကျော်ညီညီထွဋ်က နေကြာနှင့် ပဲပုပ်သီးနှံများ ပန်းတိုင်အထွက်နှုန်းကျော်လွန်ရရှိရေး စိုက်ပျိုးမှုဆိုင်ရာ နည်းပညာများ ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များမှ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများ၊ စိုက်ပျိုးရေးနှင့် မြေစာရင်းဦးစီးဌာနများမှ ကျေးရွာတာဝန်ခံများအား စိုက်ပျိုးဧကပြည့်မီရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးတို့အတွက် စီမံကိန်းတာဝန်များ ပေးအပ်ခြင်းနှင့် တောင်သူများသို့ နေကြာနှင့် ပဲပုပ်မျိုးစေ့များ ပေးအပ်ခဲ့ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)