မကွေးမြို့၊ တိုင်းပြည်သူ့ဆေးရုံကြီး၌ ဆေးဘက်ကျွမ်းကျင် (၃) (ဓါတ်မှန်) (၆) လသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

မကွေး နိုဝင်ဘာ ၆

ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၏ လမ်းညွှန်မှု၊ မကွေးတိုင်းဒေသကြီး ကုသရေးဦးစီးဌာန ဦးဆောင်မှုဖြင့် တိုင်းပြည်သူ့ဆေးရုံကြီး၊ ဆေးဘက်ကျွမ်းကျင်(၃) (ဓါတ်မှန်) (၆) လ သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပရာ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးတရားလွှတ်‌ တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊  တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ၊သူနာပြုဆရာမကြီးများ၊ ဓါတ်မှန်ဌာနမှ သင်တန်းဆရာများနှင့် ဆေးဘက်ကျွမ်းကျင် (၃) (ဓါတ်မှန်) (၆) လ သင်တန်းသို့ တက်‌ရောက်ခဲ့သော သင်တန်းသား/ သူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ဗဟိုအဆင့်နှင့် ပြည်နယ်/ တိုင်းဒေသကြီးအဆင့် ပြည်သူ့ဆေးရုံကြီးများတွင် လစ်လပ်နေသည့် ဆေးဘက်ကျွမ်းကျင်-၃  (ဓာတ်မှန်) ရာထူးနေရာများတိုးမြှင့်ခန့်ထားနိုင်ရန် တိုင်းပြည်သူ့ဆေးရုံကြီး၊ မကွေးမြို့အပါအဝင် ပြည်နယ်/ တိုင်းဒေသကြီးအသီးသီးရှိ ပြည်သူ့ဆေးရုံကြီး ၁၃ ရုံတွင် သင်တန်းသားစုစုပေါင်း ၃၀၀ ဦးတို့အား တပြိုင်နက်တည်း သင်တန်းဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း၊ တိုင်းပြည်သူ့ဆေးရုံကြီး၊ မကွေးမြို့တွင် ဓာတ်မှန်ပညာဌာနက ပါမောက္ခဒေါက်တာစိမ်းမို့မို့ ဦးဆောင်သည့်အဖွဲ့မှ သင်တန်းပို့ချပေးခဲ့ပြီးဖြစ်ကြောင်း၊ သင်တန်းပို့ချရာတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနမှ လမ်းညွှန်ထားရှိသည့် သင်ရိုးညွှန်းတမ်းများ၊ ဆန်းစစ်ခြင်းပုံစံများနှင့်အညီ စနစ်တကျ သင်ကြားပို့ချပေးခဲ့ပြီးဖြစ်ကြောင်း၊  သင်တန်းသား/ သူများအနေဖြင့် မိမိတို့ တာဝန်ထမ်းဆောင် လျက်ရှိသည့် ပြည်သူ့ဆေးရုံများတွင်လည်းကောင်း၊ သင်တန်းဆင်းပြီး မကြာမီရာထူးတိုးမြှင့် ခန့်ထားပေးမည့် ပြည်သူ့ဆေးရုံကြီးများတွင်လည်းကောင်း လူနာများအကျိုးရှေးရှုပြီး နိုင်ငံ့ဝန်ထမ်းတစ်ဦး၏ ကျင့်ဝတ်နှင့် ဓာတ်မှန်ကျွမ်းကျင်ဝန်ထမ်းတစ်ဦး၏ လုပ်ငန်းတာဝန်များအား ကျေပွန်စွာ ထမ်းဆောင်ကြစေလိုကြောင်းပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးမှ သင်တန်းဆင်းများကိုယ်စား သင်တန်းသား/သူတစ်ဦးစီအား သင်တန်းဆင်း‌အောင်လက်မှတ်များပေးအပ်ခဲ့ပြီး သင်တန်းဆင်း များကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ အဆိုပါဆေးဘက်ကျွမ်းကျင်-၃ (ဓါတ်မှန်) (၆)လ သင်တန်းအား ကျား ၁၂  ဦး ၊ မ -၁၇ ဦး၊ စုစုပေါင်း ၂၉ ဦးတို့အား  (၅.၅.၂၀၂၅) မှစတင်၍ (၆) လကြာ သင်ကြားပို့ချပေးခဲ့ကြောင်း သိရှိရသည်။

မောင်ခိုင်မင်း (ပြန်/ဆက်)