နှစ်(၇၀)ပြည့်ကရင်ပြည်နယ်နေ့ ကြိုဆိုဂုဏ်ပြု ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ) ဝန်ထမ်းအိမ်ရာတည်ဆောက်ရန်ပန္နက်တင်၊ ရိုးရာလှေလှော်ပြိုင်ပွဲကျင်းပ

ဘားအံ နိုဝင်ဘာ ၅

နှစ်(၇၀)ပြည့်ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ)၏ (၄)ခန်း တွဲ၊ (၄)ထပ် ဆရာဝန်အိမ်ရာတစ်လုံး တည်ဆောက်ခြင်းလုပ်ငန်း ပန္နက်တော်တင်မင်္ဂလာကို နိုဝင်ဘာ ၅ ရက် နံနက် ပိုင်းက အဆိုပါအဆောက်အဦတည်ဆောက်မည့်နေရာ၌ ကျင်းပသည်။

အဆိုပါ ဆရာဝန်အိမ်ရာကို ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦဦးစီးဌာန အဆောက်အဦအထူးအဖွဲ့(၁၃)က တာဝန်ယူတည်ဆောက်သွားမည်ဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက မင်္ဂလာအချိန်တွင် ရတနာပန္နက်တော်များကို စိုက်ထူ၍ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။

ဆက်လက်၍ နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့ကန်သာယာရေပြင်အတွင်း ငါးမျိုးစိုက်ထည့်သည့်အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ဇွဲကပင်ခန်းမရှေ့ရှိ Steel Structure Decking ၌ ကျင်းပသည်။

ငါးလွှတ်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့် ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ဒေသခံပြည်သူများက ရှင်သန်ကြီးထွားရန်အကောင်းဆုံးအရွယ်ရှိသော ငါးခုံးမကြီးကောင်ရေ ငါးသောင်း၊ ငါးမြစ်ချင်းကောင်ရေငါးသောင်း  စုစုပေါင်းကောင်ရေတစ်သိန်းကို ကန်သာယာသဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ပေးခဲ့ကြသည်။

ဆက်လက်၍ နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ရိုးရာလှေလှော်ပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီခွဲက ဘားအံမြို့ ကန်သာယာရေပြင်၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က မြန်မာ့ရိုးရာအမွေအနှစ်ကိုထိန်းသိမ်းမြတ်နိုးတတ်ပြီး ရိုးရာလှေလှော်အားကစားကိုလေ့လာလိုက်စားခြင်းဖြင့် ကျန်းမာကြံ့ခိုင်သော ပြည်နယ်သူပြည်နယ်သားများဖြစ်လာစေရန်ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး လှေခွက်ချည်းကျန်အလံမလဲ ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ပြိုင်ပွဲဝင်အသင်းများအားလုံး မလျော့သောဇွဲစိတ်ဓာတ်ဖြင့်ယှဉ်ပြိုင်သွားကြရန် တိုက်တွန်း ပြောကြားပြီး ပြိုင်ပွဲအားဖွင့်လှစ်ပေးသည်။

အဆိုပါပြိုင်ပွဲသို့ ရပ်ကွက်/ကျေးရွာအုပ်စုများမှ(၂၀)တက်လှော်အမျိုးသား(၁၀)သင်း၊ အမျိုးသမီး(၈)သင်း၊ (၇)တက်လှော်အမျိုးသား(၁၅)သင်း၊ အမျိုးသမီး(၁၂)သင်း၊ (၅)တက်လှော်အမျိုးသား(၁၅)သင်း၊ အမျိုးသမီး(၁၂)သင်း ဝင်ရောက်ပြိုင်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များက ပြိုင်ပွဲဝင်ရိုးရာလှေလှော်အသင်းများအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ချီးမြှင့်သည်။

ထို့နောက် ရိုးရာလှေလှော်ပြိုင်ပွဲ အမျိုးသား/အမျိုးသမီး(၅)တက်လှော်ပြိုင်ပွဲ၊ (၇)တက်လှော်ပြိုင်ပွဲနှင့် (၂၀)တက်လှော်ပြိုင်ပွဲ အုပ်စုပွဲစဉ်များကို စတင်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါပြိုင်ပွဲကို နိုဝင်ဘာ ၅ ရက်မှ ၇ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။

အလားတူ ကရင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူးကျင်းပသော တန်ဆောင်တိုင်ပွဲတော် နိဗ္ဗာန်ဈေး၊ မီးပုံးပျံလွှတ် တင်ပူဇော်ပွဲ၊ မီးပုံးအလှထွန်းညှိခြင်းတို့ကို တန်ဆောင်မုန်းလပြည့် သမညဖလအခါတော်နေ့ ညနေပိုင်းက ဘားအံမြို့ အမှတ်(၁) ရပ်ကွက်၊ ကျော်ဇေယျလမ်းနှင့်မာန်းနဲစန်လမ်းတို့တွင် ဆင်ယင်ကျင်းပရာ အနယ်နယ်အရပ်ရပ်မှပါဝင်ဆင်နွှဲကြသူများဖြင့် ကြက်ပျံမကျစည်ကားခဲ့သည်။

ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ပြည်နယ်အတွင်းရှိပြည်နယ်သူ၊ ပြည်နယ်သားများနှင့် အနယ်နယ်အရပ်ရပ်မှဘုရားဖူးလာရောက် လေ့လာလည်ပတ်ကြသည့်ခရီးသွားဧည့်သည်များအနေဖြင့် ယခုပွဲတော်ကို ပျော်ပျော်ရွှင်ရွှင်၊စည်းစည်းလုံးလုံး၊ အေးအေးချမ်းချမ်းဖြင့်ပါဝင်ဆင်နွှဲကြရန်တိုက်တွန်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ကရင်ပြည်နယ်တန်ဆောင်တိုင်ပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်၊ ကျော်ဇေယျလမ်းနှင့် မာန်းနဲစန်လမ်းတို့တွင် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်ကုမ္ပဏီများ၊ ရပ်ကွက်/ကျေးရွာ များမှ ပုဂ္ဂလိကအလှူရှင်များ၏ စတုဒိသာမဏ္ဍပ်(၅၉)ခု၌ ကြာဇံကြော်၊ ခေါက်ဆွဲကြော်၊ ကရင်မုန့်ဟင်းခါး၊ မြန်မာမုန့် အမျိုးမျိုး၊ ရွှေရင်အေး၊ ရေခဲမုန့်နှင့်အချိုရည်အမျိုးမျိုးအစရှိသော အစားအစာ ၁၄ မျိုးဖြင့် စုပေါင်းကုသိုလ်ပြုနေမှုအား လှည့်လည်ကြည့်ရှုအားပေးပြီး ပါဝင်ဆင်နွှဲကြသည့် အနယ်နယ်အရပ်ရပ်မှမိဘပြည်သူများနှင့်အတူ တည်ခင်းဧည့်ခံသောအစားအစာများကို အတူတကွအားပေးသုံးဆောင်ခဲ့ကြသည်။

 ထို့နောက် တန်ဆောင်တိုင်မီးပုံးပျံလွှတ်တင်ပူဇော်ပွဲကို ဘားအံမြို့ မာန်းနဲစန်လမ်း ကျော်ဇေယျလမ်းနှင့် ရန်မျိုးအောင်လမ်းဆုံ မီးပုံးပျံကွင်း၌ ကျင်းပရာ အမြင့် ပေ ၇၀၊ လုံးပတ် ပေ၁၂၀ နှင့် အောက်ခြေအချင်း ၁၀ပေခန့်အနည်းဆုံးအရွယ်ရှိ သောမီးပုံးပျံအကြီး ၁၁ လုံးကို ကရင်တိုင်းရင်းသားရိုးရာအဝတ်အထည်များ၊ လက်ကိုင်ပဝါနှင့်လက်ကိုင်အိတ်များ၊ ငွေကြေးနှင့်ရောင်စုံအလံများချိတ်ဆွဲ၍ လည်းကောင်း၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက မီးပုံးပျံ(အသေး)အလုံး(၁၀၀)တို့ကိုလည်းကောင်း လွှတ်တင်ပူဇော်ကြကာ မီးပုံးပျံလွှတ်တင်ပူဇော်ကြသည့်တစ်ဖွဲ့ချင်းစီအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ မီးပုံးပျံလွှတ်တင်ပူဇော်မှုအား ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် တန်ဆောင်တိုင်မီးထွန်းပွဲတော်အနေဖြင့် ကန်သာယာပတ်လမ်းနှင့်ဦးပေါက်လမ်းတစ်လျှောက်တို့တွင် မီးအိမ်(၇၅၀)အား အလှဆင်ထွန်းညှိပူဇော်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အဆိုပါလမ်းတစ်လျှောက်ဖြတ်သန်းကြည့်ရှုအားပေး၍ မီးအိမ်များထွန်းညှိပူဇော်ခဲ့ကြသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)