လိပ်သို နိုဝင်ဘာ ၅
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသနေပြည်သူများမှာ ဥယျာဉ်ခြံ စိုက်ပျိုးရေးလုပ်ငန်းအပြင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကိုလည်း တစ်နိုင်တစ်ပိုင်လုပ်ကိုင်လျက်ရှိရာ ယခုနှစ် မိုးရာသီကာလတွင် စိုက်ပျိုးခဲ့သည့် မိုးစပါးသီးနှံများကို စတင်ရိတ်သိမ်း နေကြပြီဖြစ်ကြောင်း သိရသည်။
မိုးစပါးများကို ဇွန်လနှင့်ဇူလိုင်လတွင် အများဆုံးစိုက်ပျိုးခဲ့ကြပြီး ယခုအခါစိုက်ပျိုးထားသော စပါးခင်းများ စတင်ရင့်မှည့်လာပြီဖြစ်၍ နိုဝင်ဘာ လဆန်းပိုင်းမှစတင်ကာ ရိတ်သိမ်းခြွေလှေ့ လျက်ရှိပြီး စိုက်ပျိုးချိန် ရေရရှိမှုနှင့် ရင့်မှည့် ရိတ်သိမ်းချိန်မတူညီကြသောကြောင့် ဒေသတွင်း မိုးစပါးရိတ်သိမ်းမှုမှာ ဇန်နဝါရီလအထိ ရိတ်သိမ်းလျက်ရှိကြကြောင်း သိရသည်။
ဒေသတွင်းရှိ လယ်ယာမြေများမှာ တောတောင်လျှိုမြောင်များအကြားတွင်တည်ရှိပြီး လှေကားထစ်လယ်ယာပုံစံဖြင့် မြေအခြေအနေပေးသလို ထွန်ယက်စိုက်ပျိုးကြရပြီး စက်ကိရိယာများဖြင့်လျှင်မြန်စွာ ရိတ်သိမ်းခြွေလှေ့နိုင်ခြင်းမရှိပဲ လူအားဖြင့်သာ တစ်ဦးနှင့်တစ်ဦး အလှည့်ကျအပြန်အလှန် ကူညီရိတ်သိမ်းလျက်ရှိနေကြကြောင်း သိရသည်။
ခင်လေးနွယ်