တိုင်းဒေသကြီးဝန်ကြီးချုပ် (၃၈)ကြိမ်မြောက် မသိုးသင်္ကန်းတော်များ ဆက်ကပ်လှူဒါန်းပွဲနှင့် ရေစက်ချမင်္ဂလာအခမ်းအနားတက်ရောက်

ပုသိမ်   နိုဝင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၏ကျက်သရေဆောင်  ရှေးဟောင်းသမိုင်းဝင် ရွှေမုဋ္ဌောစေတီတော် မြတ်ကြီး၌ (၃၈)ကြိမ်မြောက် မသိုး သင်္ကန်းကပ်လှူပွဲ ရေစက်ချမင်္ဂလာအခမ်းအနားကို စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်ရှိ ဦးမောင်ကြီးတန်ဆောင်းတွင် ယမန်နေ့နံနက်ပိုင်းကပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၏ ဦးမောင်ကြီး တန်ဆောင်းတွင် ဆီမီး၊ ပန်း၊ ရေချမ်းကပ်လှူပြီး တာဝန်ရှိသူများနှင့်အတူ  ဦးမောင်ကြီးတန်ဆောင်းရှိ အေးငြိမ်းချမ်းသာဗုဒ္ဓရုပ်ပွား ဆင်းတုတော်မြတ်ကြီးနှင့် ဗုဒ္ဓပြတိုက်အတွင်းရှိ မဟာမုနိဗုဒ္ဓရုပ်ပွား ဆင်းတုတော်မြတ်ကြီးအား မသိုးသင်္ကန်းတော်ဆက်ကပ်လှူဒါန်းခဲ့ပြီး‌နောက် ဆရာတော်ကြီးများ အား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက် ရေစက်ချမင်္ဂလာအခမ်းအနား ဆက်လက်ကျင်းပရာ ဆရာတော်ကြီးများဦးဆောင်ပြီး ဧည့်ပရိသတ်များက နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီးနောက်  နိုင်ငံတော်ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ နိဂြောဓာရုံ ညောင်ပင်သာပရိယတ္တိ စာသင်တိုက်၏ ပဓာနနာယဆရာတော် (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာ ပဏ္ဍိတ) ဘဒ္ဒန္တဝိဿုတ  မဟာထေရ်မြတ်ထံမှ  တိုင်း​ဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ကိုးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော ပရိတ်တရားတော်များ ဆက်လက်နာယူကြည်ညိုကြကာ ဆရာတော်ကြီးများ အား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးနှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ခဲ့သည်။

ထို့နောက်  တိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ ဩဝါဒါစရိယ ပုသိမ်မြို့၊ မရမ်းချို ကျောင်းတိုက်၏ ပဓာနနာယကဆရာတော်  (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တသော ဘိတ မဟာထေရ်မြတ်ထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ ဆက်လက်၍ (၃၈)ကြိမ်မြောက်၊ မသိုးသင်္ကန်းရက်ခတ်ပြိုင်ပွဲတွင် နှစ်သိမ့်ဆု ရရှိသည့် ရက်ကန်းစင်တော်များကို တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း၊ တတိယဆု ရရှိသည့် ဒေါနရက်ကန်းစင်တော်၊ ဒုတိယဆုရရှိသည့် စကားဝါရက်ကန်းစင်တော်နှင့် ပထမဆုရရှိ သော  ပိတောက်ရက်ကန်းစင်တော်တို့အား တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်းဆုများ ချီးမြှင့်ခဲ့ကြပြီး အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ ကြောင်းသိရသည်။ ပုသိမ်မြို့၏ကျက်သရေဆောင်  ရှေးဟောင်းသမိုင်းဝင် ရွှေမုဋ္ဌောစေတီတော် မြတ်ကြီး၌ (၃၈)ကြိမ်မြောက် မသိုးသင်္ကန်းကပ်လှူပူဇော်ခဲ့ရာတွင် ရွှေမုဋ္ဌောစေတီတော်မြတ်ကြီးရှိ ဗုဒ္ဓရုပ်ပွားဆင်းတုတော် (၁၃၅)ဆူအား  မသိုးသင်္ကန်းများကပ်လှူပူဇော်ခဲ့ကြကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)