ဘုတ်ပြင်းမြို့၌ တန်ဆောင်မုန်းလပြည့်နေ့ ဆီမီးမျှောပွဲကျင်းပ

ဘုတ်ပြင်း    နိုဝင်ဘာ   ၅

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် တန်ဆောင်မုန်းလပြည့်နေ့၌ ဘုတ်ပြင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှဦးဆောင်၍ ဘုတ်ပြင်း-အုန်းတော်ကမ်းတံတားအနီးရှိ ဘုတ်ပြင်းချောင်းအတွင်း၌ တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် ဆီမီးမျှောပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ဦးစွာ ဘုတ်ပြင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းကိုနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များက  စုပေါင်း၍ မီးပုံးပျံများကို လွှတ်တင်ပူဇော်ကြ၍ ဘုတ်ပြင်းချောင်းအနီးရှိ သတ်မှတ်ထားသည့်နေရာတွင် ဆီမီးများကို စုပေါင်းထွန်းညှိ မျှောခဲ့ကြသည်။ ဆီမီးမျှောပွဲသို့ လာရောက်ကြသည့် ရပ်ဝေးရပ်နီးမှ ပြည်သူများအား ဆီမီးထွန်းညှိပူးဇော်မျှောနိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ ဘုတ်ပြင်း-အုန်းတောကမ်းတံတားအနီးလျှောက်တွင် ပြည်သူများအေးချမ်းပျော်ရွှင်စွာ သွားလာအပန်းဖြေလည်ပတ်နိုင်ရန် နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်၍ ပျော်ပွဲရွှင်ပွဲများနှင့် ဒေသစားသောက် ဖွယ်ရာဖြင့် ညဈေးရောင်းပွဲတော်ကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး ရပ်ဝေးရပ်နီးခရီးသွားသူများ၊ ဒေသခံပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)