ပဲခူး နိုဝင်ဘာ ၄
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ပဲခူးမြို့၊ ဆုတောင်းပြည့် ဆံတော်ရှင် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၄၄)ကြိမ်မြောက် မသိုးသင်္ကန်းရက်လုပ်ဆက်ကပ်လှူဒါန်း ပူဇော်ခြင်းနှင့် ပြိုင်ပွဲဝင်အသင်းများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရွှေကျောင်းတော်ကျောက်ပန်းတောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ညီလန်းချိုနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့များနှင့် ဘာသာရေး အသင်းအဖွဲ့များက ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ မုခ်အသီးသီးအာရုံခံတန်ဆောင်းများ အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များကို ဆွမ်း၊ ရေချမ်း၊ ဆီမီး၊ ပန်း တို့ကို ဆက်ကပ်လှူဒါန်းပြီး ယက္ကန်းစင်(၅) စင်မှရက်လုပ်ရရှိသည့် ကြာသင်္ကန်း (မသိုးသင်္ကန်းများ)ကို ဆက်ကပ်လှူဒါန်း ကြသည်။
ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ဆက်လက်ကျင်းပပြုလုပ်ရာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး (၄၄)ကြိမ်မြောက်မသိုးသင်္ကန်းရက် လုပ်ပူဇော်ပြိုင်ပွဲတွင် ယှဉ်ပြိုင်ဆုရရှိသော ရာဇဓာတုကလျာစင်တော်နှင့် ဝိသာခါစင်တော် အသင်းတို့အား လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးတင်ဆွေနှင့် လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်တို့က လည်းကောင်း၊ တတိယဆုရရှိသော ယသော်ဓရာစင်တော်အသင်းအား သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်းကလည်းကောင်း၊ ဒုတိယဆုရရှိသော ဂေါတမီစင်တော် အသင်းအား စီးပွားရေးရာဝန်ကြီး ဦးတင်ဦးကလည်းကောင်း ဆုများအသီးသီးပေးအပ် ချီးမြှင့်ကြပြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးညီလန်းချိုက ပထမဆုရရှိသော ရှင်စောပုစင်တော်အသင်းအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)