ပုသိမ် နိုဝင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြို့နယ်၊ ကျုံဝါးကျေးရွာရှိ နည်းပညာပြန့်ပွားရေး စင်တာတွင်မျိုးစေ့ချကိရိယာ(Drum Seeder)နှင့် ဆီထွက်သီးနှံ နေကြာ၊ ပဲပုပ်၊ ပဲကြီး မျိုးစေ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့ပြီး တောင်သူများထံသို့ မျိုးစေ့ချကိရိယာ(Drum Seeder)နှင့် ဆီထွက်သီးနှံ နေကြာ၊ ပဲပုပ်၊ ပဲကြီး မျိုးစေ့ပေးအပ်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးမှထွက်ရှိသည့် ပေါ်ဆန်းမွှေးအား ပြည်ပတင်ပို့နိုင်ရေး Export Zone အတွင်း ထည့်သွင်းစိုက်ပျိုးရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးမှ ထွက်ရှိသည့်အရည်အသွေးကောင်းမွန်သည့် ပေါ်ဆန်းမွှေးကို တိုင်းဒေသကြီး၏ Brand တစ်ခုအဖြစ် ရပ်တည်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အရည်အသွေးကောင်းမွန်သည့် ပေါ်ဆန်းစပါးမျိုးများအပြင် ဒေသနှင့်ကိုက်ညီသည့် အထွက်တိုးမျိုးကောင်းမျိုးသန့်များကိုလည်း စိုက်ပျိုးလျက်ရှိရာ စပါးစိုက်ပျိုးမှုများကို ပင်ကြား၊ တန်းကြားမှန်မှန်ကန်ကန်နှင့် ကောက်ကွက် ပြည့်မီအောင် ဆောင်ရွက်သွားကြရန်နှင့် စိုက်ပျိုးရေးလုပ်ငန်းများကို ပန်းတိုင်ရည်မှန်း ချက်ပြည့်မီ အောင် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ကြဲခင်းများပပျောက်ရေးအတွက် မျိုးစေ့ချကိရိယာ (Drum Seeder)ဖြင့် စိုက်ပျိုးခြင်း၊ ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်း၊ ပျိုးထောင်စိုက်ပျိုခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်းနှင့်တောင်သူများကလည်း လိုက်ပါဆောင်ရွက်ကြရန်လိုအပ်မည် ပါကြောင်း၊ ဆီဖူလုံရေးအတွက် နေကြာစိုက်ပျိုးမှုကို ယခင်နှစ်ကထက် ဧက(၈)သောင်းကျော် တိုးမြှင့်စိုက်ပျိုးရန်လျာထ ား ဆောင်ရွက်လျက်ရှိပြီး ပဲပုပ်-ပဲကြီး ရောနှောစိုက်ပျိုးခြင်းဖြင့်လည်း ဆီဖူလုံမှုကို အထောက်အကူရရှိပြီး ပဲပုပ်ဖတ်ကို တိရိစ္ဆာန်အစာအဖြစ် ထုတ်လုပ်နိုင်မည် ဖြစ်ပါကြောင်း၊ မြောင်းမြခရိုင်သည် စိုက်ပျိုးရေးတွင် အောင်မြင်ဖြစ်ထွန်းသည့် ခရိုင်ဖြစ်သဖြင့် တောင်သူများအနေဖြင့် အောင်မြင်အောင် ဆောင်ရွက်ရန်လိုပါကြောင်း” အမှာစကားပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တောင်သူများထံသို့ မျိုးစေ့ချကိရိယာ(Drum Seeder)နှင့် ရေဆင်းစပ်မျိုးနေကြာ(၁) မျိုးစေ့များကိုလည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက မျိုးစေ့ချကိရိယာ(Drum Seeder)နှင့် ပဲပုပ်မျိုးစေ့များကိုလည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ပဲပုပ်မျိုးစေ့နှင့် ပဲကြီးမျိုးစေ့များကိုလည်းကောင်း၊ သယံဇာတရေးရာဝန်ကြီးက ပဲပုပ်မျိုးစေ့နှင့် ရေဆင်းစပ်မျိုးနေကြာ(၁)မျိုးစေ့များကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မျိုးစေ့ချကိရိယာ(Drum Seeder)များအား လိုက်လံကြည့်ရှုခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာပေါင်းမြို့နယ်၊ ဂုန်မင်းကျေးရွာသို့ရောက်ရှိ၍ ဂုံမင်းကွင်း ရေကျနောက်စိုက်ဧကများတွင် အချိန်မီစပါးပြန်လည်စိုက်ပျိုးရန် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သီးထပ်စွမ်းအားတိုးတက်စေရေးအတွက် ရေကျနောက်စိုက်ဧကများတွင် တစ်နှစ်နှစ်သီး စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းများကိုအချိန်မီဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံတော်မှ စိုက်ပျိုးရေလုံလောက်စွာရရှိရေး၊ ရေကြီးရေလျှံမှုများလျော့နည်းစေရေးအတွက် ဆည်မြောင်းများ ကိုနှစ်အလိုက် တိုးချဲ့တူးဖော်ပေးလျှက်ရှိပါကြောင်း၊ စိုက်ပျိုးရေလုံလောက်စွာ ရရှိသောကြောင့် နှစ်အလိုက်စိုက် သီးထပ်စိုက်ဧကများတိုးတက်လာပါကြောင်း၊ ဆည်မြောင်းတာဘောင်များ၊ မြေလွတ်နေရာများပါမကျန် သီးနှံများ၊ သီးပင်စားပင်များစိုက်ပျိုးနိုင်ရေး၊ ရေမြောင်းများတွင် ဘဲမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ကြရန်နှင့် ဒေသခံများအတွက် လိုအပ်သည်များကို ပံ့ပိုးသွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်မှတူးဖော်ပေးထားသည့် ဆည်မြောင်းများကို အကျိုးရှိစွာအသုံးချ၍ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ပြီး ဒေသခံများ၏ လိုအပ်ချက်တင်ပြမှုများအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများသည် ညနေပိုင်းတွင် ပုသိမ်မြို့၊ ကျောက်တိုင်အားကစားကွင်း၌ကျင်းပသည့် Myanmar National League 2025-2026 အမှတ်ပေးဘောလုံးပြိုင်ပွဲ ဧရာဝတီယူနိုက်တက် အက်ဖ်စီနှင့် မဟာယူနိုက်တက်အက်ဖ်စီတို့၏ ပွဲစဥ်သို့တက်ရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)