သဲကုန်းမြို့နယ်တွင် တန်ဆောင်မုန်းလပြည့်  (သာမညဖလအခါတော်နေ့)၌  ဥပုသ်သီလဆောက်တည်သူများ၊ ဘုရားစေတီပုထိုးများတွင် ကုသိုလ်ကောင်းမှုပြုသူများနှင့် စတုဒီသာ ကျွေးမွေးသူများဖြင့်စည်ကား

သဲကုန်း နိုဝင်ဘာ ၄

ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ အထွဋ်အမြတ်ထားရာနေ့ထူးနေ့မြတ်ဖြစ်သည့် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)တွင် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ စေတီပုထိုးများ၌ ဥပုသ်သီလဆောက်တည်သူများ၊ ကုသိုလ်ကောင်းမှုပြုသူများနှင့် စတုဒီသာကျွေးမွေးသူများဖြင့် စည်ကားလျက်ရှိသည်။

ပြည်သူများအနေဖြင့် မြို့နယ်အတွင်းရှိ  ဘုန်းတော်ကြီးကျောင်းတွင် ဆရာတော် သံဃာတော်ကြီးများထံမှ ဥပုသ်သီလတရားနာယူသူများ၊ စိတ်အေးချမ်းသာစွာ အဘိဓမ္မာဒေသနာတော်ရွတ်ဖတ်ပူဇော်သူများ၊ ဘုရားပန်းလဲလှယ်သူများ၊ သစ်သီးဆွမ်းများ ဆက်ကပ်လှူဒါန်းသူများနှင့် စေတနာရှင်/အလှူရှင်များက ပြည်သူများအား  အယုတ်အလတ်မြတ်မရွေး အာဟာရဒါန စတုဒီသာကျွေးမွေးလှူဒါန်းခြင်းဖြင့် ကုသိုလ်ကောင်းမှုများ ပြုလုပ်လျက်ရှိပြီး၊ စေတီပုထိုးများတွင် ဗုဒ္ဓရုပ်ပွားတော်များ ရေသပ္ပာယ်ခြင်း၊ ပန်း၊ ဆီမီး၊ အမွေးနံ့သာများ ထွန်းညှိကပ်လှူပူဇော်ခြင်း၊ ဘာသာရေးဝတ်အသင်းအဖွဲ့များမှ ဝတ်ရွတ်ပူဇော်ခြင်း၊ တရားဘာဝနာပွားများခြင်းများဖြင့် ကုသိုလ်ကောင်းမှုများ ပြုလုပ်သူများ​​​ဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ကိုကျော် (ပြန်/ဆက်)