မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ (၃၈) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ

မကွေး နိုဝင်ဘာ ၄

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ဌာနဆိုင်ရာများ၊ စေတနာအလှူရှင်ပြည်သူများ၏ (၃၈)ကြိမ်မြောက် စုပေါင်းမဟာ ဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မကွေးတိုင်းဒေသကြီး၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်း‌အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် စေတနာအလှူရှင်များ တက်ရောက်ခဲ့သည်။

ဦးစွာ စုပေါင်းမဟာ ဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအား နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး မကွေးမြို့၊ သံဃာရာမကျောင်းတိုက် ပဓာနနာယက၊ နိုင်ငံတော်ဩဝါဒစရိယ ဘဒ္ဒန္တစိန္တာသာရ(အဘိဓဇမဟာ ရဌဂုရု)ထံမှ တက်ရောက်လာကြသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ စေတနာအလှူရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကာ ဆရာတော်၊ သံဃာတော်များ ရွတ်ပွားတော်မူသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုခဲ့ကြသည်။

ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများက သံဃာတော်အရှင်သူမြတ်များထံ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္တုများ၊ လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ပြီး မကွေးမြို့၊ မဟာဓမ္မိကာရာမကျောင်းတိုက် ပဓာနနာယက၊ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင် ဘဒ္ဒန္တဥတ္တရ (အဂ္ဂမဟာပဏ္ဍိတ) ထံမှ အနုမောဒနာတရား နာကြားပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြပြီး ဧည့်ပရိသတ်များအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

ထို့နောက် တိုင်း‌ဒေသကြီးအစိုးရအဖွဲ့၊ တိုင်း/ခရိုင်/မြို့နယ်ဌာနဆိုင်ရာများနှင့် အလှူရှင်များစုပေါင်း လှူဒါန်းထားသော ကထိန်လျာသင်္ကန်း၊ ကထိန်အခြံအရံငွေပဒေသာပင်နှင့် လှူဖွယ်ပစ္စည်းများ စုစုပေါင်း တန်းဖိုးငွေကျပ်(၁၀၈၁၈၅၅၀၀/-)အား ဆရာတော်ကြီးများထံ ဆက်ကပ်လှူဒါန်း ကုသိုလ်ပြုခဲ့ကြောင်း သိရသည်။

မောင်ခိုင်မင်း(ပြန်ဆက်)