တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကို ၁၃၈၇ ခုနှစ် ပန္နရသမအကြိမ် (၁၅)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော် မင်္ဂလာအခမ်းအနားသို့တက်ရောက်

ထားဝယ်  နို၀င်ဘာ ၃

တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့မှ ကြီးမှူးကျင်းပသည့် ၁၃၈၇ ခုနှစ် ပန္နရသမအကြိမ်(၁၅) ကြိမ် မြောက်စုပေါင်းကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့အမှူးပြုသော ဖိတ်ကြားထားသော ဧည့်သည်တော်များက “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ကာ မင်္ဂလာဝိုင်းတော်အဖွဲ့က ထူးမခြားနား သီချင်းဖြင့် သီဆိုပူဇော်သည်။

ဆက်လက်၍ ထားဝယ်မြို့၊ ဃောသိတာရာမပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာနနာယက နိုင်ငံတော် ဩဝါဒါစရိယ၊ အဂ္ဂမဟာ ပဏ္ဍိတဘဒ္ဒန္တပညာသာမိထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး ဆရာတော် သံဃာတော် အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များ နာယူကြည်ညိုကာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများတို့က ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ထားဝယ်မြို့၊ ဇေယျဝတီစာသင်တိုက်တိုင်းဒေသကြီး သံဃနာယကအဖွဲ့(ကူးတို့ဂိုဏ်း)ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနန္ဒဝံသထံမှ လှူဒါန်းမှု အစုစုအတွက် အနုမောဒနာ တရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေသည်။

ဆက်လက်၍ ဖိတ်ကြားထားသော ဧည့်သည်တော်များက အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုတ်သိမ်းပြီး ပန္နရသမ(၁၅)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော် မင်္ဂလာအခမ်းအနားအောင်မြင် ကြောင်းအထိမ်းအမှတ်အဖြစ် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက ရတနာရွှေမိုးငွေမိုးရွားသွန်းဖြိုးကာ မင်္ဂလာဝိုင်းတော်အဖွဲ့က အောင်စေပိုင်စေ ဓမ္မတေးဖြင့် သီဆိုပူဇော်သည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့က သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး ဒေသခံပြည်သူများအား  စားသောက်ဖွယ်ရာများ ကျွေးမွေးလှူဒါန်းသည်။

ပန္နရသမအကြိမ် (၁၅) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူတော် မင်္ဂလာအခမ်းအနားတွင် ငွေပဒေသာပင်( ၁၃၂ ) ပင် လှူဒါန်းရရှိပြီး ပစ္စည်းနှင့် ငွေပဒေသာပင်တန်ဖိုး စုစုပေါင်း( ၁၂၇၇ သိန်း ၉ သောင်း ၃ ရာ) ကျပ်အလှူခံရရှိကာ ငွေပဒေသာပင်များကို သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်လှူဒါန်းကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)