ကယားပြည်နယ်ဝန်ကြီးချုပ် သာသနိကအဆောက်အအုံများပြုပြင်မွမ်းမံမှုနှင့် သီရိမင်္ဂလာဈေးသစ် တည်ဆောက်မှု ကြည့်ရှုစစ်ဆေး

လွိုင်ကော် နိုဝင်ဘာ ၃

ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်က လွိုင်ကော်မြို့၊ ကျောင်းထိုင်ဘုန်းတော်ကြီးသင်တန်းကျောင်းဝင်းအတွင်းရှိ သာသနိက အဆောက်အအုံများ ပြုပြင်မွမ်းမံ ပြီးစီးမှုနှင့် သီရိမင်္ဂလာဈေးသစ် တည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့၊ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းသို့ရောက်ရှိပြီး ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်အား ဖူးမြော်ကြည်ညိုသည်။ ထို့နောက် ကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်သည့် အေးချမ်းအောင်မြင် စေတီတော် ဘက်စုံပြုပြင်မွမ်းမံပြီးစီးသည့် အခြေအနေများ၊ ကျောင်းဓမ္မာရုံ မြေထိန်းနံရံနှင့် သန့်စင်ခန်းများ ဆောက်လုပ်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် အာဂန္တုရဟန်း၊ သာမဏေများ ကျောင်းတိုက်ဓမ္မာရုံအတွင်း အဆင်ပြေစွာ သီတင်းသုံးနိုင်ရန်အတွက် လိုအပ်သည့် ခုတင်နှင့် စာရေးစားပွဲများ ဖြည့်ဆည်းပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သီရိမင်္ဂလာဈေးသို့ ရောက်ရှိပြီး နှစ်ထပ်ဈေးရုံသစ် တည်ဆောက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ပြည်နယ်အမှုဆောင်အရာရှိနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု များအား ရှင်းလင်းတင်ပြကြသည်။ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများ နှင့်အညီဖြစ်စေရေး၊ သတ်မှတ်ကာလပြီးစီးရေးဆောင်ရွက်ရန်၊ သဘာဝဘေးဒဏ်နှင့် မီးဘေးအန္တရာယ်လုံခြုံရေးအတွက် မီးငြှိမ်းသတ်စနစ်များ စနစ်တကျ ထည့်သွင်းတည်ဆောက်ရန်နှင့် အရည်အသွေးစစ်ဆေးခြင်းအား စဉ်ဆက်မပြတ် ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြား ခဲ့သည်။ ထို့နောက် ဈေးအတွင်း ဈေးသူဈေးသားများ၊ ဈေးဝယ်ပြည်သူများ၏ ရောင်းဝယ် ဖောက်ကား နေမှုကို လှည့်လည်ကြည့်ရှု အားပေးပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားသည်။ ပြည်နယ်ဝန်ကြီးချုပ်က ဈေးအတွင်း သန့်ရှင်းသာယာရေး၊ အမှိုက်များစနစ်တကျ ခွဲခြားစွန့်ပစ်ရေးနှင့် ကျန်းမာရေးနှင့် ညီညွတ်ပြီး သန့်ရှင်းလတ်ဆတ်သည့် စားသောက် ကုန်များကိုသာ ရောင်းချစေရေးနှင့် သက်တမ်းလွန် ကုန်ပစ္စည်းနှင့် စားသောက်ကုန်များ ရောင်းချမှုမရှိစေရေး စနစ်တကျ စစ်ဆေးကြပ်မတ်ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)