ကော့သောင်း ဒီဇင်ဘာ ၂၇
ကော့သောင်းမြို့၊ ၃၈မိုင်ကျေးရွာတွင် ပြည်တော်စိုးအင်တာပရိုက်ကုမ္ပဏီ၊ အလှမွေးငါး မွေးမြူရေး လုပ်ငန်းမှ lucky Fish (Arowana) အမျိုး အစား အလှမွေးငါးများ မွေးမြူထုတ်လုပ်မှု အောင်မြင် ဖြစ်ထွန်းလျက်ရှိရာ ကော့သောင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများအဖွဲ့ဖြင့် ယနေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး လိုအပ်သည့် အကြံပြုမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါအလှမွေးငါး မွေးမြူရေးလုပ်ငန်းအား ၂၀၁၀ခုနှစ်ကတည်းက စတင်လုပ်ကိုင်ခဲ့ပြီး မြေဧက ၄.၈ ဧကပေါ်တွင် မြေသားကန်(၇)ကန်ဖြင့် lucky Fish (Arowana) မိခင်ငါး ကောင်ရေ ၂၂၀ ကောင် မွေးမြူထားကာ၊ ၄ လတစ်ကြိမ်သား ပေါက်ပြုစုရောင်းချ ပေးလျက်ရှိပြီး မွေးမြူ ထားသည့် (Arowana) မျိုးများမှာ မလေးရှားမျိူး ကောင်ရေ ၃၀ ခန့်နှင့် မြန်မာတိုင်းရင်းမျိုး ၁၉၀ ကောင်ခန့် မွေးမြူထားကြောင်း၊ ငါးများမှာ ဆေးထိုးသားဖေါက် မွေးမြူခြင်းမျိုးမဟုတ်ပဲ ငါးအမမှ သဘာဝအတိုင်း ဥလိုက်သည့် ဥများကို ငါးအထီးများက သားပေါက်သည်အထိ ပါးစပ်အတွင်းငုံထားကာ အကောင်စပေါက်ချိန်တွင် ပြန်လည် အန်ထုတ်လိုက်သည့် ငါးသားပေါက်များကို သီးခြားခွဲထုတ်ကာ ရေဇလားကြီး များအတွင်း အရွယ်ရောက်ချိန်အထိ အစာကျွေးမွေးမြူကာ အလျား ၄ လက်မအရွယ် ရောက်ချိန်တွင် အောက်ဆီဂျင်ဖြင့် ပြည်တွင်းဈေးကွက် ဖြစ်သည့် ရန်ကုန်မြို့သို့တင်ပို့ကာ ထို့မှတဆင့် နိုင်ငံခြား ဈေးကွက်သို့တိုင် တင်ပို့ရောင်းချကြောင်း၊ လေးလက်မအရွယ် ငါးသားပေါက် တစ်ကောင်လျှင် ငွေကျပ်ငါးထောင်ကျော်ခန့်ဈေးရရှိကြောင်း အရွယ်ရောက်ပြီး ငါးအကြီးတစ်ကောင်လျှင် အချို့က အိမ်ဧည့်ခန်းတွင် အလှမွေးရန် ငွေကျပ်သိန်း ဆယ်ဂဏန်း အထိပေးကာ ဝယ်ယူအလှဆင် လေ့ရှိကြောင်း၊ ကော့သောင်းခရိုင် ငါးလုပ်ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသန့်ဇင် ၏ ပြောဆိုချက်အရ သိရသည်။
Arowana ငါးမျိူးများ၏ သဘာဝသည် တိတ်စိတ်ငြိမ်သက်သော ပတ်ဝန်းကျင်ကို ကြိုက်နှစ်သက် သောကြောင့် ယခုလက်ရှိမွေးမြူလုပ်ကိုင် လျက်ရှိသည့် နေရာမှာ ရေ၊ မြေ၊ ရာသီဥတုနှင့် ကိုက်ညီမှုရှိ၍ ရှင်သန်နှုန်း Survival rate ကောင်းမွန်မှုရှိကြောင်း၊ အလှမွေးငါး lucky Fish (Arowana) များအား မြေသားကန်ကြီးများဖြင့် သားပေါက်ပြုစုမွေးမြူမှုလုပ်ငန်းသည် မြန်မာနိုင်ငံအနေဖြင့် ကော့သောင်းမြို့တွင် ပထမဦးဆုံး လုပ်ကိုင်သည့် လုပ်ငန်းဖြစ်ပြီး ငါးလုပ်ငန်းဦးစီးဌာန၏ လုပ်ငန်းလိုင်စင် ရယူကိုင်ဆောင်လုပ်ကိုင်ခြင်းဖြစ်ရာ ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသားပေါက် ပြုစု ထိန်းသိမ်းမှု နည်းစနစ်များ ပိုမိုကောင်းမွန်စေရေး အကြံပြုခဲ့ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)