လက်ပံတန်းမြို့၌ (၂၃) ကြိမ်မြောက် မြို့နယ်လုံးကျွတ် ဌာနပေါင်းစုံ စုပေါင်းမဟာ ဘုံကထိန်ပွဲဆင်နွှဲ

လက်ပံတန်း နိုဝက်ဘာ ၃ 

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၌ ယနေ့နံနက်ပိုင်းက မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏စီမံမှုဖြင့် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် မြို့နယ်လုံးကျွတ် စုပေါင်းဌာနပေါင်းစုံမဟာဘုံကထိန် ပဒေသာပင်များကို မြို့မဈေး(၁)လမ်းအဝိုင်းတွင် စုရပ်ပြုကာ စီတန်းလှည့်လည်ပွဲ ကျင်းပခဲ့သည်။

(၂၃) ကြိမ်မြောက် မြို့နယ်လုံးကျွတ် ဌာနပေါင်းစုံ စုပေါင်းမဟာဘုံကထိန်ပွဲ ပဒေသာပင် ၃၂ ခုကို မော်တော်ယာဉ်များဖြင့် တင်ဆောင်၍ အိုးစည် ဒိုးပတ်ဝိုင်းများဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ မြို့မိ မြို့ဖ လုပ်ငန်းရှင် အလှူရှင်များက လက်ပံတန်းမြို့ပေါ် ရပ်ကွက်များသို့ လှည့်လည်၍ စည်ကားသိုက်မြိုက်စွာဆင်နွှဲ ခဲ့ကြသည်။

လက်ပံတန်းမြို့နယ်အတွင်းရှိ ကထိန်အာနိသင်မမြောက်သော ဘုန်းတော်ကြီးကျောင်း ၃၁ ကျောင်းရှိ ဆရာတော် သံဃာတော်အရှင်သူမြတ်များအား   ဘီးလင်းတန်းရပ်ကွက် ဘုရားကြီး ကျောင်းတိုက်သို့ ပင့်ဆောင်ကာ လှူဖွယ်ဝတ္ထုငွေနှင့် ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ဧည့်ပရိသတ်များအား ကထိန်စတုဒိသာ ကျွေးမွေး၍ စုပေါင်းလှူဒါန်းထားသော ကထိန်လျာသင်္ကန်းနှင့် ငွေသားပစ္စည်း စုစုပေါင်းတန်းဖိုးငွေကျပ် သုံးရာလေးဆယ့်ရှစ်သိန်းကိုးသောင်းတစ်ထောင့်ကိုးရာ တန်းဖိုးရှိ ပဒေသာပင် ၃၂ ခုကို မဲဖောက်လှူဒါန်းရာ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ  ဆရာတော် ဘဒ္ဒန္တဉာဏိန္ဒ  ထံမှ လှူဒါန်းမှုအစုစုအတွက် ကထိန်အနုမောဒနာ ရေစက်ချတရားချီးမြှင့်နာယူကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေ၍ အခမ်းအနား ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)