စလင်း နိုဝင်ဘာ ၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူး၍ ဌာနဆိုင်ရာများနှင့်ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ(၂၆) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်းနှင့်ပဒေသာပင် ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ပတ္တမြားအစည်းအဝေးခန်းမဆောင်၌ ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
အခမ်းအနားကို နမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီးနောက် ဆရာတော်ထံမှ (၅)ပါးသီလ တရားတော်မြတ်ကို ခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်မြတ်များမှ ပရိတ်တရားတော်များနှင့် ကထိန်သင်္ကန်းဆပ် ကပ်၊လှူဒါန်းရခြင်း၏ အကျိုးကျေးဇူး၊ တရားတော်များကို ဟောကြားပေးတော်မူခဲ့သည်။
ဆက်လက်၍ ကထိန်ညှပ်သင်္ကန်းနှင့်တကွ၊ အခြံအရံသင်္ကန်း၊ လှူဖွယ်ဝထ္တုပစ္စည်းများကန်တော့ပွဲများ၊ ပင့်သံဃာနှင့် ဘုန်းတော်ကြီးကျောင်းများအတွက် ကထိန်သင်္ကန်းနှင့် နဝကမ္မဝတ္ထုငွေများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌ ဦးမင်းသီဟဇော်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ခံများက ပစ္စည်းတန်ဖိုးစုစုပေါင်း (၁၄၃၂၅၅၀၀) ကျပ်အား လှူဒါန်းဆက်ကပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှတမ်းပေးဝေခဲ့ပြီးနောက် ဗုဒ္ဓသာသနံ စိရံတိတု (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ပြီးနောက် ဆရာတော်၊ သံဃာတော်များအား နံနက်ဆွမ်းနှင့် ပဒေသာပင်များကို ဆပ်ကပ်လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။
မောင်လွင်(စလင်း)