နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ဖိတ်ခေါ် Road Bike စက်ဘီးစီးပြိုင်ပွဲနှင့် ဂေါက်သီးရိုက်ပြိုင်ပွဲကျင်းပ

ဘားအံ  နိုဝင်ဘာ

နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ဖိတ်ခေါ် Road Bike စက်ဘီးစီးပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းအချိန်က ဘားအံမြို့ အမှတ်(၄)ရပ်ကွက် သီရီလမ်းရှိ သီရိကွင်းမုခ်ဦးအရှေ့၌ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက သေနတ်ပစ်ဖောက်၍ စက်ဘီးစီး ပြိုင်ပွဲအား တာလွှတ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါစက်ဘီးစီးပြိုင်ပွဲကို အမျိုးသား အသက်(၄၀)နှစ်အထက်နှင့် အသက်(၄၀)နှစ်အောက် (၈၀.၀၀) ကီလိုမီတာပြိုင်ပွဲနှင့် အမျိုးသမီး (၄၅.၁၃) ကီလိုမီတာပြိုင်ပွဲဖြင့် ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသားပြိုင်ပွဲကို သီရိလမ်း သီရိကွင်းရှေ့မှ နာရီစင်မီးပွိုင့်၊ ဗိုလ်ချုပ်လမ်းတစ်လျှောက် ဘားအံ-လှိုင်းဘွဲလမ်းဆုံ နောင်လုံ၊ အိန္ဒု ငြိမ်းချမ်းရေးကွက်သစ်၊ ဘုရားကုန်း၊ ဇာသပြင်မှ ဘားအံကားလမ်းတစ်လျှောက် သီရိကွင်းမုခ်ဦးရှေ့သို့ ပြန်လည်ပန်းဝင်ခဲ့ကြောင်း၊ အမျိုးသမီး (၄၅.၁၃)ကီလိုမီတာ ပြိုင်ပွဲတွင် သီရိကွင်းမုခ်ဦးဝမှ နာရီစင်မီးပွိုင့်၊ ဗိုလ်ချုပ်လမ်းတစ်လျှောက် လှိုင်းဘွဲလမ်းဆုံမှတဆင့် နောင်လုံတောင်ကြားလမ်း ဆင်လေးကောင်အဝိုင်းမှ ဘားအံမြို့ သီရိကွင်းရှေ့သို့ပြန်လည် ပန်းဝင်ခဲ့ကြောင်းသိရသည်။

ထို့နောက် နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ဖိတ်ခေါ် Road Bike စက်ဘီးစီးပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားအား ဆက်လက်ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများက နှစ်သိမ့်ဆုရရှိသည့် ပြိုင်ပွဲဝင်များအား ဆုများ အသီးသီးပေးအပ်ပြီး အသက်(၄၀)နှင့်အထက် (၈၀)ကီလိုမီတာပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယရရှိသူများကို လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသူကျော်ကလည်းကောင်း၊ အမျိုးသမီး (၄၅.၁၃) ကီလိုမီတာ ပြိုင်ပွဲတွင် ပထမဆု၊ဒုတိယဆု၊ တတိယဆုရရှိသူများကို ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယကဒေါ်နန်းဘေဘီမြင့်ကလည်းကောင်း၊ အသက်(၄၀)နှစ်အောက် (၈၀)ကီလိုမီတာပြိုင်ပွဲတွင် ပထမဆု၊ဒုတိယဆု၊ တတိယဆု၊ စတုတ္ထဆု၊ ပဉ္စမဆု ရရှိသူများကို ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးကလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ယင်းစက်ဘီးစီးအားကစားပြိုင်ပွဲတွင် အားကစားသမားပြိုင်ပွဲဝင် အမျိုးသားအသက်(၄၀)နှစ်အထက်၊ အသက်(၄၀)နှစ်အောက်နှင့် အမျိုးသမီးစက်ဘီးစီး အားကစားသမားများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အဆိုပါ ပြိုင်ပွဲကို ထားဝယ်၊သံဖြူဇရပ်၊ရေး၊ မုဒုံ၊ မောင်လမြိုင်၊ သထုံ၊ ရန်ကုန်၊မန္တလေး၊ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နှင့် ဘားအံမြို့မှ ပြိုင်ပွဲအားကစားသမားများ စုစုပေါင်း(၂၅၀)ဦး လာရောက်ယှဉ်ပြိုင် ကြောင်းသိရသည်။

အလားတူဂေါက်သီးရိုက်ပြိုင်ပွဲအား ယမန်နေ့နံနက်ပိုင်းအချိန်က ဘားအံ-လှိုင်းဘွဲ ကားလမ်းမကြီးဘေးရှိ ဘားအံဂေါက်ကလပ်၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဂေါက်သီးရိုက်၍ ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့ပြီး ပြိုင်ပွဲကိုဆက်လက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ယင်းနောက်အဆိုပါ‌ ဂေါက်သီးရိုက်ပြိုင်ပွဲ၏ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ညနေပိုင်းအချိန်၌ ကျင်းပ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က တက်ရောက်အမှာစကားပြောကြားပြီး ဆုချီးမြှင့်ခြင်း အခမ်းအနားအား ဆက်လက်ကျင်းပရာ Green အကောင်းဆုံးဆု(၃)ဆု၊ အဝေးရိုက်ဆု၊ ကျင်းနှင့် အနီးဆုံးဆု၊Line နှင့် အနီးဆုံးဆု Par အများဆုံးဆု၊Birdieအများဆုံးဆု၊ Beit Loser ဆု၊ Hole in One ဆုနှင့် အသက် (၆၂)နှစ်အထက် Second Runner Up First Runner Up Winner ဆုများနှင့် အသင်းလိုက် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုများအား ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ပြည်နယ်ဝန်ကြီးများက ဆုရရှိသူများအား ဆုများအသီးသီးပေးအပ်  ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)