ပြည်မြို့ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး ရင်ပြင်‌တော်၌ လက်ျာရစ် (၃)ကြိမ် ဗုဒ္ဓမြတ်စွယ်တော်လှည့်လည် အပူဇော်ခံပွဲကျင်းပ

ပြည် နိုဝင်ဘာ ၃

ပြည်မြို့၌ သမိုင်းဝင်လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ (၂၆၁၄)နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်နှင့် (၁၂၆)ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော်ဖွင့်လှစ်အပူဇော်ခံပွဲကိုအောက်တိုဘာလ ၂၈ ရက်နေ့မှစ၍ နိုဝင်ဘာလ ၆ ရက်နေ့အထိ ၁၀ ရက်တိုင်စည်ကား သိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၃ နာရီက စေတီတော်ရင်ပြင်၌  ဗုဒ္ဓမြတ်စွယ်တော်ကို ရွှေဆံတော်စေတီတော်မြတ်ကြီးအား လက်ျာရစ်(၃)ကြိမ် လှည့်လည် အပူဇော်ခံပွဲကျင်းပရာ ဒေသခံများနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။

ဦးစွာ ဂေါပကအဖွဲ့နှင့် ဝေယျာဝစ္စ သာသနာ့နုဂ္ဂဟအသင်းအဖွဲ့များက မြတ်စွယ်တော်တိုက်အတွင်း ဗုဒ္ဓမြတ်စွယ်တော်တပ်ဆင်ပူဇော်ထားသော စိန်စေတီတော်ကို မင်္ဂလာမြင်းရထား ပေါ်သို့ ပင့်ဆောင်ကာ ရွှေကြိုး၊ ငွေကြိုးဆွဲ၍ မင်္ဂလာအောင်စည်အောင်မောင်းနှင့် ငွေခရုများ တီးမှုတ်ကာ ဗုဒ္ဓမြတ်စွယ်တော်ကို ရွှေဆံတော်စေတီတော်မြတ်ကြီးအား လက်ျာရစ်(၃)ကြိမ် လှည့်လည်အပူဇော်ခံပွဲကျင်းပခဲ့ရာ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ရဟန်းရှင်လူ ပြည်သူများက ဗုဒ္ဓမြတ်စွယ်တော်အား အနီးကပ်ဖူးမြော်ကြည်ညိုကြပြီး ကုသိုလ်ကောင်းမှုများ ပြုလုပ်ကြသည်။ ထို့နောက် ဗုဒ္ဓမြတ်စွယ်တော်ကို မြတ်စွယ်တော်တိုက် မှန်ကျောင်း ဆောင်တော်သို့ ပြန်လည်ပင့်‌ဆောင်၍ လှည့်လည်အပူဇော်ခံပွဲအခမ်းအနား အောင်မြင်စွာ ရုတ်သိမ်းခဲ့သည်။

ဗုဒ္ဓမြတ်စွယ်တော်ကို အများပြည်သူဖူးမြော် ကြည်ညိုနိုင်ရန် အဆိုပါမြတ်စွယ်တော်တိုက် မှန်ကျောင်းဆောင်တော်၌ တန်ဆောင်မုန်းလဆန်း ၁၂ရက်မှ တန်ဆောင်မုန်း လပြည့်ကျော်(၁)ရက်နေ့အထိ၊ နိုဝင်ဘာ ၁ ရက်မှ နိုဝင်ဘာ ၅ ရက်နေ့အထိ နေ့စဉ်နံနက် ၅ နာရီခွဲအချိန်မှ ည ၉ နာရီအချိန်အထိ အပူဇော်ခံမည်ဖြစ်ကာ ပြည်မြို့ ဗုဒ္ဓမြတ်စွယ်တော်ကို နှစ်စဉ် တန်ဆောင်မုန်းလဆန်း ၁၃ ရက်နေ့ ရောက်တိုင်း ရွှေဆံတော်စေတီတော်မြတ်ကြီးအား လက်ျာရစ်(၃)ကြိမ် လှည့်လည်အပူဇော်ခံပွဲကျင်းပခြင်းနှင့် သုံးနှစ်လျှင် (တစ်ကြိမ်) မြို့တွင်းသို့ လှည်လည်အပူဇော်ခံပွဲကျင်းပခြင်းတို့ကို အစဉ်အလာမပျက် ကျင်းပပြုလုပ်ကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)