ဖျာပုံမြို့၌ (၃၃) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ

ဖျာပုံ နိုဝင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် (၃၃)ကြိမ်မြောက် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် စေတနာရှင်ပြည်သူများ၏ စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ဖျာပုံမြို့ (ရတနသိဒ္ဓိသာသနာ့ဗိမ္မာန်)၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ ဖျာပုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦးနှင့်အဖွဲ့ဝင်များ၊ ဖျာပုံမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စေတနာရှင်ပြည်သူများက ဖျာပုံမြို့တိုက်သစ်ကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက၊ နိုင်ငံတော်သြဝါဒါစရိယ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တသူရိယ မထေရ်မြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ပြီး ဆရာတော် သံဃာတော်အရှင်သူမြတ်များ ရွတ်ပွား ချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူတော်မူကြသည်။

ထို့နောက် ဖျာပုံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်လွင်ဦးက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဖျာပုံမြို့နယ်၊ ကျုံကဒွန်းကျေးရွာအုပ်စု၊ ဖလက်ချောင်းကျေးရွာ၊ သာသနာဦးဓမ္မရိပ်သာကျောင်းတွင် ပုရိမဝါဆိုဝါကပ်၍ ပုရိမဝါမှ ထမြောက်တော်မူကြသည့် သံဃာတော်များအတွက် ရည်မှန်းလျက် ဧရာဝတီတိုင်းဒေသကြီး သံဃာ့ဝန်ဆောင်၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တဝာဝါသဝ မထေရ်မြတ်ထံ ဖျာပုံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦး​ဇော်လွင်ဦးနှင့် ဇနီးတို့က ကထိန်လျာ ဥာတ်သင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၊ တာဝန်ရှိသူများက ကြွရောက်တော်မူကြသော ဆရာတော်သံဃာတော်များထံ အရန်ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီးနောက် ကထိန်အနုမောဒနာတရားနာယူ၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

အဆိုပါ (၃၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အလှူတော်တွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် စေတနာရှင်ပြည်သူများ၏ ပဒေသာပင်ပေါင်း(၇၉)ပင်တွင် ပါဝင်သည့် ကထိန်သင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေတန်ဖိုး စုစုပေါင်း ကျပ် သိန်းတစ်ထောင့်လေးဆယ်ငါးသိန်းငါးသောင်းကိုးထောင်တစ်ရာတို့ကို သက်ဆိုင်ရာဘုန်းတော်ကြီး ကျောင်းများသို့ ဆက်ကပ်လှူဒါန်းကြကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)