လှိုင်းဘွဲမြို့ ကျက်သရေဆောင် ကျိုက်မုရောစေတီကျောင်း၌ (၂၉)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

လှိုင်းဘွဲ နိုဝင်ဘာ ၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့ ကျိုက်မုရောစေတီ(တောင်ပေါ်ကျောင်း)၌ စစ်ဗျူဟာအဖွဲ့ (အခြေချ)လှိုင်းဘွဲနှင့် တပ်ရင်းများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မရှင်၊ ဌာနဆိုင်ရာ မိသားစုများ၊ မြို့နေပြည်သူများ၊ ဈေးသူ၊ ဈေးသားများနှင့် လူမှုရေးအသင်းအဖွဲ့များ စုပေါင်း၍ (၂၉)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်းနှင့် ပဒေသာပင်များ ဆပ်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပခဲ့သည်။

အခမ်းအနားကို နမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီးနောက် ဆရာတော်ထံမှ (၅)ပါးသီလ တရားတော်မြတ်ကို ခံယူဆောက်တည်ကြပြီး သံဃာတော်မြတ်တို့က   ပရိတ်တရားတော်များနှင့် ကထိန်သင်္ကန်းဆပ်ကပ်လှူဒါန်းရခြင်း၏ အကျိုးကျေးဇူးတရားတော်များကို ဟောကြားပေးတော်မူခဲ့သည်။

ဆက်လက်၍ ကထိန်ညှပ်သင်္ကန်းနှင့်တကွ အခြံအရံသင်္ကန်း၊ လှူဖွယ်ဝထ္တုပစ္စည်းများ ကန်တော့ပွဲများ၊ ပင့်သံဃာနှင့် ဘုန်းတော်ကြီးကျောင်းများအတွက် ကထိန်သင်္ကန်းနှင့် နဝကမ္မ ဝတ္ထုငွေများကို စစ်ဗျူဟာအဖွဲ့ (အခြေချ) လှိုင်းဘွဲ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းအောင်နှင့် ဇနီး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းလင်းအောင်နှင့် ဌာနဆိုင်ရာတာဝန်ခံများ၊ မြို့မိ၊ မြို့ဖများက ဆပ်ကပ်လှူဒါန်းကြသည်။

ထို့နောက် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှတမ်းပေးဝေခဲ့ပြီးနောက် ဗုဒ္ဓသာသနံ စိရံတိတု(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ပြီးနောက် ဆရာတော်၊ သံဃာတော်များအား နံနက်ဆွမ်းနှင့် ပဒေသာပင်များကို ဆပ်ကပ်လှူဒါန်းပေးခဲ့ကြကြောင်း သိရှိရသည်။

စောဒိ( ပြန်/ဆက်)