ဂန့်ဂေါ နိုဝင်ဘာ ၂
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ဦးဆောင်မှုဖြင့် ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများနှင့် စေတနာရှင်ပြည်သူများ၏ (၃၀) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ဂန့်ဂေါမြို့ကျက်သရေဆောင်သာသနာ့ဗိမာန်တော် ကြီးတွင် ကျင်းပရာ ရှေးဦးစွာအခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး မြို့နယ်သံဃနာယကအဖွဲ့ အဖွဲ့ဝင် ရှုံးရှီကျေးရွာ လယ်တီကျောင်းဆရာတော် ဘဒ္ဒန္တတိက္ခသာမိထံမှ ငါးပါးသီလကို ခံယူဆောင်တည်ကြသည်။
ထို့နောက် ဆရာတော်သံဃာတော် အရှင်သူမြတ်များထံမှ မေတ္တာသုတ်အစရှိသော ပရိတ်တရားတော်များကို နာယူကြည်ညိုကြကာ ဂန့်ဂေါမြို့၊ မြို့ခင်းသာပရိယတ္တိစာသင်တိုက် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တဇဋိလအမှူးပြုသည့် ဆရာတော် သံဃာတော် အရှင်သူမြတ်များထံသို့ ကထိန်လျာသင်္ကန်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ရဲရန်ပိုင်နှင့် ဇနီးဒေါ်စုမြတ်မွန်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ ကထိန်ခံကျောင်းဖြစ်သည့် မြို့ခင်သာကျောင်းသို့ ညတ်မကြီးပဒေသာပင်ကို ဆက်ကပ်လှူဒါန်း၍ ပဒေသာပင်များ ဆက်ကပ်လှူဒါန်းမည့် ကျောင်းတိုက်စာရင်းများကို မဲနှိုက်၍ လှူဒါန်းကာ မြို့ခင်းသာပရိယတ္တိစာသင်တိုက်၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တဇဋိလထံမှ ကထိန်အနုမောဒနာတရားတော်ကို နာယူကြည်ညိုကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းပြီးနောက် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်အမှူးပြုသည့် ဆရာတော်သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ယခုနှစ်တွင်ကျင်းပပြုလုပ်သည့် စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာသည် (၃၀) ကြိမ်မြောက်ဖြစ်ပြီး ခရိုင်/မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းမိသားစုများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ပဒေသာပင်(၁၄)ပင်ကို စုပေါင်းလှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ငွေကျပ် သုံးရာတစ်ဆယ့်ရှစ်သိန်း တစ်သောင်းကိုးထောင်တိတိ/-ကို ဆက်ကပ်လှူဒါန်းကုသိုလ်ပြုခဲ့ကြကြောင်း သိရသည်။
မောင်မျိုးမင်း