ပေါင်းတည် နိုဝင်ဘာ ၂
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ တောင်သူများသည် ကန်ရေ၊ ချောင်းရေ၊ မြေအောက်ရေများဖြင့် ဆောင်းရာသီ ဟင်းသီးဟင်းရွက်မျိုးစုံကို စတင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
တောင်သူများသည် မြို့နယ်အတွင်း ဖြတ်သန်းစီဆင်းလျက်ရှိသော ဘိုးသာအောင်ကုန်းချောင်း၊ ဝက်ပုတ်ချောင်းနှင့် နွားသတ်ချောင်းတို့မှ စိုက်ပျိုးရေရယူ၍ လည်းကောင်း၊ အဝီစိတွင်းများမှ မြေအောက်ရေရယူ၍လည်းကောင်း၊ အချို့စိုက်ပျိုးခြံမြေများ၌ ရေကန်ငယ်များ တူးဖော်သိုလှောင်၍လည်းကောင်း စိုက်ပျိုးရေများ ရယူကာ စိုက်ပျိုးကြသည်။
ယခုနှစ် ဆောင်းရာသီ၌ ဟင်းသီးဟင်းရွက်မျိုးစုံ ၅၈၁၀ ဧကစိုက်ပျိုးမည်ဖြစ်ကြောင်းနှင့် တောင်သူများအား ဓာတုကင်းစင်ပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် သီးနှံများစိုက်ပျိုးထွက်ရှိနိုင်ရေးကို အသိပညာပေး ဆောင်ရွက်ထားကြောင်း စိုက်ပျိုးရေးဦးစီးဌာန ၊မြို့နယ်ဦးစီးမှူးထံမှသိရသည်။ ပေါင်းတည်မြို့နယ်၌ ဖရုံ၊သခွား၊ ခရမ်း၊ ပဲတောင့်ရှည်၊ ပဲစောင်းလျား၊ ကြက်ဟင်းခါး၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုတ်၊ ရုံးပတီ၊ ပူစီနံ၊ မုံလာ၊ မုံညင်းနှင့် မြင်းခွာရွက်များ အများဆုံးစိုက်ပျိုးကြပြီး ယခင်နှစ်များက ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်အထိ တင်ပို့ရောင်းချနိုင်ခဲ့ကြပြီး စိုက်ပျိုးသူတောင်သူများ အကျိုးစီးပွား ဖြစ်ထွန်းခဲ့ကြကြောင်း သိရသည်။
ရွှေသား(ပေါင်းတည်)