ထားဝယ် နိုဝင်ဘာ ၂
နိုဝင်ဘာလ(၇)ရက်နေ့တွင်ရောက်ရှိမည့် (၃၇)ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှစ်ပတ်လည်နေကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး/ခရိုင်/မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့ ၉ နာရီက ထားဝယ်မြို့၊ ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်နှင့်ပြင်ပလူနာဌာနအပေါ်ထပ်၊ အမျိုးသား သွေးလှူဘဏ်၌ကျင်းပသည်။
စုပေါင်းသွေးလှူဒါန်းပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးဝန်ကြီးများတို့က စုပေါင်းသွေးလှူဒါန်းနေမှုအား ကြည့်ရှုအားပေးပြီး သွေးလှူဒါန်းကြသူများအား အာဟာရဖြည့်စားသောက်ဖွယ်ရာနှင့် လက်ဆောင်ပစ္စည်းများပေးအပ်သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ပြည်သူ့ဆေးရုံကြီး၌ ဘက်စုံအသုံးပြုနိုင်ရန်အတွက် လှူဒါန်းငွေ ကျပ်(၁၀) သိန်းအား ပေးအပ်ပြီးမြန်မာနိုင်ငံငါးလုပ်ငန်းအသင်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ဝင်းက သွေးလှူဒါန်းကြသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများအတွက် လှူဒါန်းငွေကျပ်(၁၀) သိန်းအားပေးအပ်သည်။
သွေးလှူဒါန်းရာတွင် တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ဝန်ထမ်းများက ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိကြသည့် ဝေဒနာရှင်များမှသွေး လိုအပ်သည့်အခါ အဆင်ပြေစွာဖြင့် သွေးသွင်းကုသနိုင်ရန်အတွက် စုပေါင်းလှူဒါန်းခြင်းဖြစ်သည်။
ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်က မျက်စိဝေဒနာရှင်များ အဆင်ပြေစွာကုသနိုင်ရန်အတွက် မျက်စိခွဲစိတ်ခန်း ပြုပြင်မွမ်းမံနေမှုအားကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်ညှိနှိုင်းဆောင်ရွက်ပေးကာပြည်သူ့ဆေးရုံကြီးရှိ ကျောက်ကပ်သန့်စင်ဌာနတွင်ရှိသော ကျောက်ကပ်စက်အား ကြည့်ရှုစစ်ဆေးပြီး ကျောက်ကပ်ဝေဒနာရှင် များပြားလာသည့် အတွက်ကြောင့် နိုင်ငံတော်မှ ပံ့ပိုးပေးသည့် ကျောက်ကပ်စက်များနှင့် တိုင်းဒေသကြီး ကျောက်ကပ် ဖောင်ဒေးရှင်းတို့က လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ပေးသွားမည်ကြောင်း အမှာစကား ပြောကြားကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)