ဝေါ နိုဝင်ဘာ ၂
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ဌာနဆိုင်ရာများနှင့် အလှူရှင်များပူးပေါင်းကာ (၃၂)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန် အလှူတော်ပွဲကျင်းပခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ကြွရောက်လာသည့် ဆရာတော်များအား ဆွမ်းဆပ်ကပ်လှူဒါန်းပြီး စုပေါင်းမဟာ ဘုံကထိန်ပွဲကို ဆက်လက်ကျင်းပရာ ဆရာတော်ကြီးများနှင့် ဌာနဆိုင်ရာဝန်ထမ်းများက နမောတဿ(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး သဒ္ဓမပါလကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဝေပုလ္လထံမှ ငါးပါးသီလနှင့် သြဝါဒခံယူ ဆောက်တည်ကြသည်။
ဆက်လက်၍ ပဒေသာပင်(၂၂)ခုအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်က (၃၂)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲ စီစဥ်ဆောင်ရွက်ထားမှုများကို လျှောက်ထားခဲ့သည်။
ထို့နောက် ဇွဲမစိုးရိမ်စာသင်တိုက်ဆရာတော်ထံမှ လှူဒါန်းမှုအစုစုအတွက် ကထိန်အနုမောဒနာ ရေစက်ချတရားချီးမြှင့်နာယူကာ လှူဒါန်းမှုအစုစုအတွက်ရေစက်သွန်းချ အမျှပေးဝေပြီးနောက် အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုပူဇော်၍ အခမ်းအနားကို ပိတ်သိမ်းခဲ့သည်။
ဆက်လက်၍ စုပေါင်းလှူဒါန်းထားသော ငွေသားနှင့်ပစ္စည်း စုစုပေါင်းတန်းဖိုး ငွေကျပ်(၉၁,၂၅၁,၇၀၀)တန်းဖိုးရှိ ပဒေသာပင်(၂၂)ခုအား ဆရာတော်များအား မဲနှိုက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)