ကျွန်းလှ နိုင်ဝင်ဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ချောင်းရေ၊ မြေအောက်ရေတင်ပြီး သီးနှံမျိုးစုံစိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဟင်းသီးဟင်းမျိုးစုံ ဧက ၃၀၀ ကျော်စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“ဒီနှစ် ဆောင်းရာသီမှာ ဟင်းသီးဟင်းရွက်မျိုးစုံစိုက်ပျိုးဖို့ ၅၇၇ ဧကလျာထားပါတယ်။ လက်ရှိ အချိန်ထိ ၃၁၅ ဧကစိုက်ပျိုးပြီးဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက်စိုက်ပျိုးတဲ့ တောင်သူတွေကို GAP နည်းစနစ်ဖြင့်စိုက်ပျိုးဖို့၊ ဓာတုကင်းစင်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ သီးနှံများထွက်ရှိရေး အသိပညာပေးလျက်ရှိပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။
ကျွန်းလှမြို့နယ်တွင် ဆောင်းသီးနှံ ဟင်းသီးဟင်းရွက်စိုက်ပျိုးမှုအဖြစ် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ပန်းမုံလာ၊ ခရမ်း၊ ခရမ်းချဉ်၊ မုံညှင်း၊ ရုံးပတီ၊ မုံလာထုတ် စသည့်သီးနှံများစိုက်ပျိုးကြကြောင်း ဒေသခံပြည်သူများ မိသားစုဝင်ငွေရရှိပြီး အလုပ်အကိုင်ရရှိနေကြကြောင်း သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)