ပြည် နိုဝင်ဘာ ၁
ပြည်မြို့၊ လေးဆူဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ အောက်တိုဘာလ(၃၁)ရက်နေ့ နံနက်ပိုင်းက တောင်ဘက်စောင်းတန်းအသစ်ဖွင့်လှစ်ခြင်းနှင့် စက်လှေကားအသစ်ဖွင့်လှစ်ခြင်း ကုသိုလ်ပြု ရေစက်ချမင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်မြို့၊ လေးဆူဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ တောင်ဘက်စောင်းတန်းအသစ်နှင့် စက်လှေကားအသစ် ဖွင့်ပွဲအခမ်းအနားအား သဲဖြူမဟာမြိုင်ဆရာတော်ကြီး၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)မှ ဒေသကွပ်ကဲရေးမှူးနှင့် ရွှေဆံတော်ဂေါပကအဖွဲ့ဝင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြည်မြို့၊ လေးဆူဓါတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ တောင်ဘက်စောင်းတန်းအသစ်နှင့် စက်လှေကားအသစ်တို့အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ “ပုညကရဏ”လေးထပ်ဓမ္မာရုံကြီး၌ ရေစက်ချမင်္ဂလာအခမ်းအနားအား “နမောတဿ” သုံးကြိမ်ရွတ်ဆို၍ စတင်ခဲ့ကြပြီး လေးဆူဓါတ်ပျော် ရွှေဆံတော် စေတီတော် မြတ်ကြီး၏ ဦးစီးပဓာနနာယက၊ နိုင်ငံတော်ဩဝါဒါစရိယ ဘန္တဒ္ဒကုမာရ ဆရာတော်ကြီးထံမှ ဝန်ကြီးချုပ်နှင့်ဇနီး အမှူးပြုသော အလှူရှင်များက ငါးပါသီလခံယူဆောက်တည်ခဲ့ကြသည်။ ၎င်းနောက် ဆရာတော်သံဃာတော်အရှင်သူမြတ်များက မေတ္တာသုတ်ရွတ်ဖတ်သရဇ္ဈယ်တော် မူခဲ့ကြသည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပြီး ဝန်ကြီးချုပ်အမှူးပြုသော အလှူရှင်များက ကြွရောက်လာသည့် ဆရာတော်ကြီးများအား လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြရာ တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ခဲ့ကြသည်။ ၎င်းနောက် သဲဖြူမဟာမြိုင်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တပညာဇောတ မထေရ်မြတ်ထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစု အတွက် ရေစက်သွန်းချ အမျှအတမ်း ပေးဝေခဲ့ကြပြီး အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ရုပ်သိမ်းခဲ့ကာ ကြွရောက်လာသည့် ဆရာတော်/သံဃာတော်များအား ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး အလှူရှင်များက နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။
အဆိုပါ ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ တောင်ဘက်စောင်းတန်း အသစ်နှင့် စက်လှေကားအသစ်တို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အလှူရှင်များစုပေါင်း၍ သိန်းပေါင်း ၇၇၀၀ ကျော် အကုန်အကျခံ တည်ဆောက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)