မြိတ်ခရိုင်/မြို့နယ် ဌာနဆိုင်ရာများနှင့် စေတနာရှင် အလှူရှင်များ၏ (၁၅) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

မြိတ် နိုဝင်ဘာ ၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော်၌ မြိတ်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူးကျင်းပသည့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများနှင့် စေတနာရှင် အလှူရှင်များ၏ (၁၅) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို နိုဝင်ဘာ(၁)ရက် နံနက်(၉) နာရီက  ဗုဒ္ဓသာသနာ့ဗိမာန်တွင် ကျင်းပခဲ့သည်။

စုပေါင်းမဟာဘုံကထိန် ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ဆရာတော် သံဃာတော် အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်အပေါင်းတို့က “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ကြပြီး နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ လာသန လှည်းဘီးပရိယတ္တိစာသင်တိုက် ဆရာတော်ထံမှ  မြိတ်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးဦးနှင့် ဧည့်ပရိသတ်အပေါင်းတို့က ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ထို့နောက် ဆရာတော် သံဃာတော်အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များ နာယူခဲ့ကြပြီး ကထိန်ခံတောင်းရှည်ကျေးရွာ တောင်ယာထဲကျောင်းတိုက် ဆရာတော်ထံ စုပေါင်းလှူဒါန်းထားသည့် ကထိန်လျာသင်္ကန်းကို မြိတ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ဇနီးတို့က ဆက်ကပ်လှူဒါန်းကြ၍ တာဝန်ရှိသူများက ဆရာတော် သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တနာရဒ မော်‌တောင် ပရိယတ္တိစာသင်တိုက် ဆရာတော်ထံမှ ဧည့်ပရိသတ်အပေါင်းတို့က အနုမောဒနာ တရားနာယူကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ လှူဒါန်းပွဲ ကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့ကြသည်။

စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာတွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် စေတနာရှင်အလှူရှင်များ၏  ပဒေသာပင် စုစုပေါင်း (၇၃)ပင်ကို စာရေးတံမဲဖောက်၍ ကထိန်ခံတောင်ယာထဲကျောင်းတိုက်နှင့် ကျောင်းတိုက်အသီးသီးသို့ တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းကြသည်။ လှူဒါန်းပွဲ၏ စုစုပေါင်းတန်ဖိုးမှာ ကျပ်သိန်း(၇၅၀)ကျော်ရှိကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။

ခိုင်ထူး (ပြန်/ဆက် )