ကျောက်ကြီး နိုဝင်ဘာ ၁
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ ခြေတုအသေးစားပြင်ဆင်ခြင်းလုပ်ငန်းကို နေ့ချင်းပြီး “အခမဲ့” ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းအား ကျောက်ကြီးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး မင်းမြတ်ဘုန်း၏ စီမံမှုဖြင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များအား ဘားအံခြေတု လက်တုဆိုင်ရာပြန်လည်သန်စွမ်းရေးဌာနသို့ ခြေတုအသေးစားပြင်ဆင်နိုင်ရေးသင်တန်းသွားရောက်တက်စေပြီး ကျောက်ကြီးမြို့နယ်အတွင်း ကိုယ်အင်္ဂါချို့တဲ့နေသူများ၊ မိုင်းဒဏ်ခံရသူများ၊ ခြေတုရရှိရေး၊ ခြေတုအသေးစားပြင်ဆင် ဆောင်ရွက်နိုင်ရေးလုပ်ငန်းအား အပတ်စဥ် စနေနေ့တိုင်း မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ နံနက် ၉ နာရီအချိန်တွင် “အခမဲ့” ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်တွင် ခြေတုတပ်ဆင်ထားသူ အယောက်(၄၀၀) ဦး ကျော်ခန့်ရှိကြောင်း မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ မှသိရှိရပြီး ခြေတုအသစ်တပ်ဆင်လိုသူများအားလည်း လိုအပ်သည့် ကြိုတင်ပြင်ဆင်ဆောင်ရွက်သင့်သည်များ၊ လေ့ကျင့်ခန်းပြုလုပ်ရန် နည်းစနစ်များ ညွှန်ပြပေးခြင်းနှင့် ခြေတုလာရောက်ပြုပြင်သူများအား ခြေဖဝါး၊ ခြေအိပ်၊ ခါးပတ်ကြိုးများအား “အခမဲ့” ဝန်ဆောင်မှုပေးလျက်ရှိကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)