ဘိုကလေးမြို့နယ်တွင် ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်း ရန်ပုံငွေများ ထောက်ပံ့ပေးအပ်

ဘိုကလေး နိုဝင်ဘာ ၁

ကိုရီးယားနိုင်ငံ ရာသီဥတုပြောင်းလဲမှုဗဟိုဌာန (CCC)နှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် စွမ်းအားမြှင့်မီးဖိုစီမံကိန်း ရန်ပုံငွေအစီအစဉ်ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်သည့် ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းကျေးရွာဖြစ်သည့် သကံဝကျေးရွာအုပ်စု၊ တယ်ပင်(၃)ကျေးရွာ၌ ယနေ့နံနက်(၉)နာရီ အချိန်တွင် စွမ်းဆောင်ရည်မြှင့်တင်ရေးကဏ္ဍ၊ လူနေမှုပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍနှင့် ဝင်ငွေတိုးပွါးရေးကဏ္ဍ စသည့်ကဏ္ဍကြီး (၃)ရပ်အတွက် လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် စီမံကိန်းမှထောက်ပံ့ ငွေများ ပေးအပ်သည့် အခမ်းအနားကျင်းပခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကျော်ညီညီထွဋ်နှင့် ဝန်ထမ်းများ၊ ဒေသခံ ပြည်သူများတက်ရောက်ကြပြီး အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်က ကျေးရွာသူ/သားများအနေဖြင့် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် အားလုံးပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့ရပ်ရွာ ဖွံ့ဖြိုးတိုးတက်ရေး၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဝိုင်းဝန်းကြိုးပမ်းကြစေလိုကြောင်း အမှာစကားပြောကြားသည်။

ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးမှုး ဦးကျော်ညီညီထွဋ်က စီမံကိန်းဆောင်ရွက်ရသည့် ရည်ရွယ်ချက်များ၊ ရန်ပုံငွေများအား သက်ဆိုင် ရာကဏ္ဍအလိုက် အကျိုးရှိရှိထိရောက်အောင်မြင်အောင် ဆောင်ရွက်ရန် လမ်းညွှန်ချက်များ၊ ကျေးရွာသစ်(ဆယ်မားအူး) စိတ်ဓါတ်(၃)ရပ်ကို အခြေခံ၍ အားလုံးပါဝင်ဆောင်ရွက်ရန် လမ်းညွှန်ချက်များ မှာကြားဆွေးနွေးခဲ့ပြီး ရန်ပုံငွေများအား ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)