နတ်တလင်းမြို့၌ သကျမဟာမြတ်မုနိဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်နှင့် မြတ်စွယ်တော် အပူဇော်ခံပွဲအခမ်းအနားကျင်းပ

နတ်တလင်း   နိုဝင်ဘာ ၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၊ ဇီးကုန်းကလေးရပ်ကွက်၊ ရန်ကုန်-ပြည်လမ်းဘေးရှိ သကျမဟာမြတ်မုနိဘုရားကြီး၌ ဗုဒ္ဓပူဇနိယပွဲတော်နှင့် မြတ်စွယ်တော် အပူဇော်ခံပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က အဆိုပါဘုရာကြီး သာသနာ့ ဗိမာန်တော်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ အခမ်းအနားအား ဆရာတော်သံဃာတော်များနှင့် တက်ရောက်လာကြသော တာဝန်ရှိသူများ၊ ဧည့်သည်တော်များက နမောတဿသုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ပေးခဲ့ပြီး ဆရာတော်ကြီးများမှ ဂန္ဓကုဋိတိုက်အတွင်း၌ဗုဒ္ဓမြတ်စွယ်တော်များအား ဗုဒ္ဓဘိသေကအနေကဇာတင်ခြင်းပြုလုပ်ခဲ့ပြီး သာသနာ့ဗိမာန်တော်အတွင်းရှိ ယာယီစံကျောင်းဆောင်သို့ တာဝန်ရှိသူများက အများပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရန်အတွက်ပင့်ဆောင်၍ ဆရာတော်ကြီးများထံ ဆက်ကပ်ခဲ့​သည်။၊

ထို့နောက် ကြွက်နွယ်တောကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူ၍ ဆရာတော်ကြီးများအား သကျမဟာမြတ်မုနိဘုရာကြီးဂေါပကအဖွဲ့ဥက္ကဌဦးအေးကိုမှ အလှူငွေများဆက်ကပ် လှူဒါန်းခဲ့ပြီး ဗုဒ္ဓမြတ်စွယ်တော်အား ဂန္ဓကုဋိတိုက်ကို လက်ယာရစ်သုံးပတ်လှည့်လည်ပူဇော်၍ သာသနာ့ဗိမာန်တော်အတွင်းရှိ ယာယီစံကျောင်းဆောင်းသို့ ပင့်ဆောင်ပူဇော်ခဲ့သည်။

အဆိုပါ ဗုဒ္ဓပူဇနိယပွဲတော်နှင့် မြတ်စွယ်တော်အပူဇော်ခံပွဲသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ သကျမဟာမြတ်မုနိဘုရားကြီးဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် ဂေါပကအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိမြို့ဖများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး ဗုဒ္ဓမြတ်စွယ်တော်အား နိုဝင်ဘာ ၁ ရက်နေ့မှ ၅ ရက်နေ့ထိ အပူဇော်ခံထားရှိမည်ဖြစ်ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)