အိမ်မဲမြို့နယ်တွင် စုပေါင်းပဒေသာပင်ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

အိမ်မဲ နိုဝင်ဘာ ၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် မြို့မိမြို့ဖများ၏ စုပေါင်းပဒေသာပင်များ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၅ နာရီက ကျင်းပခဲ့သည်။

အခမ်းအနားတွင်တက်ရောက်လာသူများက “နမောတဿ” သုံးကြိမ်ရွတ်ဆို၍အခမ်းအနားဖွင့်လှစ်ခဲ့သည်။ ဆက်လက်ပြီး အိမ်မဲမြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မိုးကုတ်(၂၉)ဓမ္မာ့ရိပ်သာကျောင်း တိုက်ဆရာတော် ဘဒ္ဒန္တမဟိန္ဒ မဟာကမ္မဋ္ဌာနာစရိယက ငါးပါးသီလတရားချီးမြှင့်ခြင်း၊ သံဃာတော် အရှင်သူများများကပရိတ်တရားများကို ချီးမြှင်ပေးခဲ့ကြသည်။

ယင်းနောက် အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ကိုကိုဦးက သာသနာရေးဆိုင်ရာများကိုလျှောက်ထားခဲ့ပြီး ကြွရောက်လာသော ဆရာတော်သံဃာတော်များအား တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများကိုဆက်ကပ်လှူဒါန်းခဲ့သည်။ ဆက်လက်ပြီး ငွေပဒေသာပင်နှင့် ဆွမ်းဆက်ကပ် လှူဒါန်းမှုအစုစုတို့အတွက် သာဓုအနုမောဓနာ တရားချီးမြှင့်ခြင်းနှင့် ရေစက်သွန်းချအမျှ အတမ်းပေးဝေခဲ့ပြီးအခမ်းအနားကို “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” (၃)ကြိမ်ရွတ်ဆို၍ ရုတ်သိမ်းခဲ့သည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)