ပြည် နိုဝင်ဘာ ၁
ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး ရင်ပြင်တော်မြတ်စွယ်တော်တိုက်ရှိ ဗုဒ္ဓမြတ်စွယ်တော် (၁၂၆)နှစ်ပြည့် ဖွင့်လှစ်အပူဇော်ခံပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီခွဲက စေတီတော်ရင်ပြင်ကျားပျံဓမ္မာရုံ၌ကျင်းပရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ကြည်ညို ကုသိုလ်ကောင်းမှုများ ပြုလုပ်သည်။
ဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဂေါပကအဖွဲ့ဝင်များက ဗုဒ္ဓမြတ်စွယ်တော်ကိန်းဝပ်စံပါယ်တော်မူသည့် မြတ်စွယ်တော် ဂန္ဓကုဋီတိုက်အတွင်းမှ စိန်စေတီတော်၊ ပတ္တမြားစေတီတော်၊ ရွှေကလပ်တော်၊ မူလကြေးစေတီတော်နှင့် စန္ဒကူးကြုတ်တော်တို့ကို ကျားပျံဓမ္မာရုံ မင်္ဂလာမဏ္ဍပ်အတွင်းရှိ ယာယီပလ္လင်တော်များပေါ်သို့ ပင့်ဆောင်ကြသည်။
ထို့နောက် နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ (၁၂၆)နှစ်ပြည့် ဗုဒ္ဓမြတ်စွယ်တော် ဖွင့်လှစ်အပူဇော်ခံပွဲအခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး ပြည်မြို့ ရွာဘဲတောင်ပေါ်ကျောင်းတိုက် ဆရာတော်ကြီးထံမှ ဧည့်ပရိသတ်အပေါင်းတို့က ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ ယင်းနောက် ဩဝါဒါစရိယဆရာတော်ကြီးတစ်ပါးနှင့် တာဝန်ရှိသူများက ဗုဒ္ဓမြတ်စွယ်တော်ကို ပတ္တမြားစေတီမှ စိန်စေတီတော်သို့ ပင့်ဆောင်တပ်ဆင်ပူဇော်ကြပြီး စွယ်တော်မြတ်နှင့် ဓာတုစေတီတော်များဖွင့်လှစ်အပူဇော်ခံမှုကို အနုပညာရှင်များက တေးထပ်၊ ကဗျာ၊ လင်္ကာ၊ ရတုလွှာတို့ဖြင့် သီဆိုပူဇော်ကြသည်။
၎င်းနောက် ဩဝါဒါစရိယဆရာတော်ကြီးများထံ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများလျှောက်ထားပြီး အလှည့်ကျဂေါပကအဖွဲ့ဝင်များက ဗုဒ္ဓမြတ်စွယ်တော် ဖွင့်လှစ်အပူဇော်ခံပွဲဆောင်ရွက်မှုနှင့်ပတ်သက်၍ တင်ပြလျှောက်ထားသည်။
ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ဂေါပကအဖွဲ့ဝင်များက ဩဝါဒါစရိယဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ကုသိုလ်ကောင်းမှုအစုစုတို့အတွက် ပြည်မြို့ ရတနာမာရ်အောင်တောရကျောင်းတိုက် ဆရာတော်ဘုရားကြီးက အနုမောဒနာတရားတော်ချီးမြှင့်တော်မူကာ ဝေနေယျသတ္တဝါ အပေါင်းတို့အား ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။
ထို့နောက် ဗုဒ္ဓသာသနံစိရံတိဌတုသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုရုတ်သိမ်းခဲ့ပြီး ဗုဒ္ဓမြတ်စွယ်တော်ကို ဖွင့်လှစ်အပူဇော်ခံမည့် မြတ်စွယ်တော်တိုက် မှန်ကျောင်းဆောင်တော်သို့ ပင့်ဆောင်ခဲ့ကြသည်။
အဆိုပါ ဗုဒ္ဓမြတ်စွယ်တော်ကို နိုဝင်ဘာ ၂ ရက် မွန်းလွဲ ၃နာရီအချိန်တွင် ရွှေဆံတော်စေတီတော်မြတ်ကြီးအား လက်ျာရစ်(၃)ကြိမ်လှည့်လည်အပူဇော်ခံပွဲစည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ပြီး ဗုဒ္ဓမြတ်စွယ်တော်ကို အများပြည်သူ ဖူးမြော်ကြည်ညိုနိုင်ရန် မြတ်စွယ်တော် တိုက် မှန်ကျောင်းဆောင်တော်၌ တန်ဆောင်မုန်းလဆန်း ၁၂ ရက်မှ တန်ဆောင်မုန်း လပြည့်ကျော်(၁)ရက်နေ့အထိ၊ နိုဝင်ဘာ ၁ ရက်မှ နိုဝင်ဘာ ၅ ရက်နေ့အထိ နေ့စဉ်နံနက် ၅ နာရီခွဲအချိန်မှ ည ၉ နာရီအချိန်အထိ အပူဇော်ခံမည်ဖြစ်ကာမည်သူမဆို လာရောက်ဖူးမြော် ကြည်ညိုသဒ္ဓါပွားများနိုင်ကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)