ဘားအံ နိုဝင်ဘာ ၁
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ကရင်ပြည်နယ်ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီတို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့်ဖွင့်လှစ်သော ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ (အခြေခံ) သင်တန်း (၂)မျိုး သင်တန်းဆင်းပွဲအခမ်းအနား ကို အောက်တိုဘာလ ၃၁ ရက်နေ့နံနက် ၁၁ နာရီက ဘားအံမြို့၊ တော်ဝင်ရတနာဟိုတယ်၌ ကျင်းပရာ ကရင်ပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပြည်နယ်အတွင်းဟိုတယ်နှင့်ခရီးသွား လုပ်ငန်းများအဆင်ပြေ ချောမွေ့စွာဖွံ့ဖြိုးတိုးတက်စေရန် အဖက်ဖက်မှစီမံချက်များချမှတ်အကောင်အထည်ဖော်လျက်ရှိပြီးခရီးစဉ်ဒေသသစ်ဖော်ထုတ်ပေးခြင်းနှင့်ရှိနှင့်ပြီးသားခရီးစဉ်ဒေသများကိုလည်း ရေရှည်တည်တံခိုင်မြဲ စေရေးလိုအပ်ချက်များကို စစ်ဆေးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု သင်တန်း(၂)မျိုး၏ အခြေခံဝန်ဆောင်မှု သင်တန်းများမှ ရရှိခဲ့သည့် သင်ခန်းစာ၊ ဗဟုသုတ၊ အတွေ့အကြုံများကို လေ့လာသင်ယူခဲ့သော သင်တန်းသား၊ သင်တန်းသူများအနေဖြင့်လည်း မိမိတို့ လုပ်ငန်းခွင်တွင်အကျိုးရှိရှိပြန်လည်အသုံးချပြီး ပြည်နယ်၏ဂုဏ်ကိုတိုးတက်စေမည့် ဟိုတယ်နှင့် တည်းခိုရိပ်သာများ၏ ဝန်ဆောင်မှု အရည်အသွေးကောင်းများပေးစွမ်းနိုင်သူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ(အခြေခံ)သင်တန်း(၂)မျိုးတွင် သင်တန်းထူးချွန် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသူများအား ဂုဏ်ပြုဆုများကိုလည်းကောင်း၊ သင်တန်းဆရာ (၄)ဦးအား ဂုဏ်ပြုဆုငွေနှင့်ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း၊ သင်တန်းဆင်း သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းအောင်လက်မှတ်များကို လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ ကြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းသား၊သင်တန်းသူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)