မကွေး နိုဝင်ဘာ ၁
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ဦးအောင်လွင်ဦးကအဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များအတွင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကျင်းပရေးဆိုင်ရာအချက်အလက်များ၊ မဲဆန္ဒနယ်သတ်မှတ်ခြင်း၊ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ဖွဲ့စည်းထားရှိမှုနှင့် MEVM စက်များ ဖြန့်ဖြူးပေးထားမှု အခြေအနေများကို လည်းကောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများက ခရိုင်အလိုက် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင် ဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ တာဝန်ရှိသူအသီးသီးက လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)