လွိုင်ကော် နိုဝင်ဘာ ၁
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ ပညာရေးကဏ္ဍဖွံ့ဖြိုးပြီး လူငယ်များဗလငါးတန်နှင့် ပြည့်ဝစေရေး၊ မွေးမြူရေးကဏ္ဍအောင်မြင်ဖြစ်ထွန်းပြီး ပြည်နယ်အတွင်း စားသုံးမှု ဖူလုံစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ကယားပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် လွိုင်ကော်တက္ကသိုလ်အတွင်းရှိ ဘွဲ့နှင်းသဘင်ခန်းမ၊ ဘောလုံးကွင်းနှင့် အားကစားခန်းမ အဆောက်အအုံများ ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ၊ လွိုင်ကော်မြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် အောင်မြင်ဖြစ်ထွန်းနေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမဆောင်သို့ ရောက်ရှိကာ အဆောက်အအုံအတွင်းရှိ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၊ အစည်းအဝေးခန်းများ၊ နားနေဆောင်များနှင့် သန့်စင်ခန်းများ၊ ပြုပြင်မွမ်းမံပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ လွိုင်ကော်တက္ကသိုလ် အင်ဂျင်နီယာဌာနမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုများနှင့် လုပ်ငန်းပြီးစီးမှု အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ တက္ကသိုလ်ဘောလုံးကွင်းသို့ရောက်ရှိကာ အားကစားပွဲများ အချိန်မီကျင်းပနိုင်ရေး ကွင်းအတွင်း မြက်များရှင်းလင်းဆောင်ရွက်ရန်၊ မီတာ ၄၀၀ ပြေးလမ်းများ ဆောင်ရွက်ရန်နှင့် အားကစားခန်းမများကို ကျောင်းသား ကျောင်းသူများ အသုံးပြုနိုင်ရေး ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့၊ မြေနီကုန်းရပ်ကွက်ရှိ အသားတိုးကြက် မွေးမြူရေးခြံသို့ ရောက်ရှိကာ အသားတိုး ကြက်သားပေါက်များ မွေးမြူထားရှိမှု၊ ပြုစုထားရှိမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ လိုက်လံရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်၏ မွေးမြူရေးကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်ရေးနှင့် အသားဖူလုံစေရေးအတွက် ပုဂ္ဂလိက မွေးမြူရေး လုပ်ငန်းရှင်များကို အားပေးကူညီဆောင်ရွက်ပေးလျက်ရှိပြီး အရင်းအနှီး လိုအပ်ချက်များ ရှိလာပါက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ကူညီဆောင်ရွက်ပေးရန်ဖြစ်ကြောင်း၊ မွေးမြူရေးခြံများအား စံသတ်မှတ်ချက်များနှင့်အညီ စနစ်တကျ ပြန်လည်မွေးမြူနိုင်အောင် ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ဆက်လက်၍ လွိုင်ကော်မြို့၊ ပန်ကန်းတိုးချဲ့ရပ်ကွက်ရှိ ဥစားကြက်မွေးမြူရေးခြံများသို့ သွားရောက်ကာ ဥစားကြက်များ မွေးမြူအောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးရာ မွေးမြူရေးလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများက မွေးမြူထားရှိသည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။ ပြည်နယ်ဝန်ကြီးချုပ်က ကြက်မွေးမြူရေးခြံများသည် ပတ်ဝန်းကျင် အခြေအနေကောင်းများရှိသဖြင့် ယခုထက် ပိုမိုတိုးချဲ့မွေးမြူနိုင်အောင် ကြိုးပမ်း ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ လိုအပ်ချက်များ၊ အခက်အခဲများနှင့် တိရစ္ဆာန်ရောဂါများ ဖြစ်ပွားပါက သက်ဆိုင်ရာတာဝန်ရှိသူများထံ အချိန်မီတင်ပြ အကူအညီရယူရန်ဖြစ်ကြောင်းနှင့် ယခုထက် ပိုမိုတိုးချဲ့မွေးမြူနိုင်ရေး ကြိုးပမ်းဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ပန်ကန်းတိုးချဲ့ရပ်ကွက်ရှိ မွေးမြူရေးခြံများ ဈေးကွက်သို့လွယ်ကူချောမွေ့စွာ တင်ပို့နိုင်ရေး ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်သည့် အမာခံကျောက်လမ်း (အရှည် ၁၁၀၀ ပေ၊ အကျယ် ၁၂ ပေ) ခင်းကျင်းပြီးစီးမှု အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းနောက် ရေနီကန်ကျေးရွာတွင် ဆောင်ရွက်လျက်ရှိသည့် စံပြဝက်မွေးမြူရေးခြံ အခြေအနေအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တာဝန်ရှိသူများက အသားတိုးဝက်နှင့် မျိုးဝက်မများ မွေးမြူထားရှိမှု အခြေအနေအား ရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က စွန့်ပစ်မိလ္လာကန်နှင့်ပတ်သက်၍ ပတ်ဝန်းကျင် ညစ်ညမ်းမှုမရှိစေရေး စနစ်တကျဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ဆက်လက်၍ ပျားမွေးမြူမှု ဖွံ့ဖြိုးရေးဌာနခွဲအတွင်းရှိ ပျားဘုရင်မ မွေးမြူရေးစခန်းတွင် ပျားများ မွေးမြူထားရှိမှု အခြေအနေများ၊ ထပ်မံရောက်ရှိသည့် ပျားပုံးအသစ်များအား ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်၏ ပျားမွေးမြူရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)