ဖြူးမြို့နယ်၌ ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာ​ပေးဆွေးနွေး

ဖြူး နိုဝင်ဘာ ၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ပြည်ပပို့ကုန်သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က ​မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ကိုယ်စား ဒုတိယဦးစီးမှူး ဦးအေးမင်းနိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်ကိုလတ်၊ မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးနိုင်ထွေး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးတင်မောင်ဆွေတို့က သီးနှံထွက်ကုန်များတွင် ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်ရေးအတွက် ပိုးသတ်ဆေးသုံးစွဲရာတွင် စနစ်တကျသုံးစွဲရေး၊ ဘက်စုံသီးနှံ ကာကွယ်ရေးစနစ်များ လိုက်နာကျင့်သုံး ဆောင်ရွက်နိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုးကောင်းမျိုးသန့်အသုံးပြုရေး၊ သဘာဝမြေသြဇာနှင့် သစ်စိမ်းမြေသြဇာများ ထည့်သွင်းအသုံးပြုရေး၊ ဓာတ်မြေသြဇာစနစ်တကျ အချိုးညီအချိန် ကိုက်သုံးစွဲရေး နည်းပညာပေး ဆွေးနွေးကြသည်။

ဆက်လက်၍ တက်ရောက်လာ​ကြသော စိုက်ပျိုးရေးပညာရှင်များ၊ တောင်သူများ၊ စိုက်ပျိုးရေးနှင့် ပိုးသတ်ဆေးအရောင်းဆိုင် ကိုယ်စားလှယ်များက သိလိုသည့် အချက်များကို မေးမြန်းဆွေးနွေးကြကြောင်း သိရသည်။

နေမျိုးလွင် ( ပြန်/ဆက်)