ဘားအံ နိုဝင်ဘာ ၁
နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် UHM ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းဆောင်ရွက်သည့် ဘားအံမြို့၏ပထမဆုံး အဆင့်မြင့်ဈေးဝယ်စင်တာဖြစ်သော ဇွဲကပင်ပလာဇာ (မြေညီထပ်)ဖွင့်ပွဲကို အောက်တိုဘာလ ၃၁ ရက်နေ့နံနက် ၁၀ နာရီက ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမ ကြီးဘေးရှိ အဆိုပါဈေးဝယ်စင်တာ၌ ကျင်းပခဲ့သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဇွဲကပင်ပလာဇာအဆင့်မြင့်ဈေးကို မြေဧရိယာ(၃ ဒဿမ ၃၄၄)ဧက ပေါ်တွင် ခန့်မှန်းကုန်ကျငွေပေါင်းဘီလီယံ(၂၀)ဖြင့် အလျား(၃၂၀)ပေ၊ အနံ(၁၆၀)ပေရှိ အာရ်စီစီ(၅)ထပ်ခွဲ အဆောက်အဦဖြစ်ပြီး မြေညီထပ်တွင်ဆိုင်ခန်း ၂၀၀နှင့် အပေါ်(၄)ထပ်တွင် ဆိုင်ခန်းကြီး(၂၅၀) စုစုပေါင်းဈေးဆိုင်ခန်း(၄၅၀)ပါဝင်သော အဆင့်မြင့်တည်ဆောက်မှုတစ်ခုဖြစ်ပြီး ဒေသတွင်းအလုပ် အကိုင်အခွင့်အလမ်း (၁၅၀၀)ကိုဖန်းတီးပေးနိုင်ကာ ၂၀၂၇ ခုနှစ်အတွင်း အပြီးသတ်ဖွင့်လှစ်နိုင်ရေး လမ်းညွှန်ထားပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့်လူနေမှုအဆင့်အတန်းမြင့်မားစေရန် ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို ဒေသခံပြည်သူများ၏ပူးပေါင်းပါဝင်မှုဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းနှင့် ယခုကဲ့သို့သော အခြေခံအဆောက်အအုံများသည် ဘားအံမြို့၏ ဈေးကွက်စီးပွားရေးလုပ်ငန်းများကို စနစ်တကျဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်သည့်အတွက် ပြည်သူအားလုံးဝိုင်းဝန်း ပံ့ပိုးပေးကြစေလိုကြောင်းပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့နာယက၊ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် UHM Co.,Ltd မန်းနေဂျင်း ဒါရိုက်တာဦးထွန်အောင်ရွှေတို့က ဘားအံမြို့ဇွဲကပင်ပလာဇာအဆင့်မြင့်ဈေး(မြေညီထပ်)ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်အားဖြည့် ကူညီသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်၍ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့ဇွဲကပင်ပလာဇာအဆင့်မြင့်ဈေး (မြေညီထပ်)တွင် ဖွင့်လှစ်ထားရှိသော လူသုံးကုန်အဝတ်အထည်ဆိုင်ခန်းများ၊ စိန်၊ ရွှေ၊ ကျောက်မြတ် ရတနာဆိုင်ခန်းများ၊ စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်ခန်းများ၊ လျှပ်စစ်ပစ္စည်း၊ ITနှင့် နည်းပညာ အရောင်းဆိုင်ခန်းများ၊ ဒေသထွက်ကုန်၊ ကရင်ရိုးရာအဝတ်အထည်နှင့် အသုံးအဆောင်ပစ္စည်း အရောင်း ဆိုင်ခန်းများ၊ အလှကုန်ပစ္စည်းအရောင်းဆိုင်ခန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)