ပခုက္ကူမြို့နယ် ပညာရေးဝန်ထမ်းမိသားစုများ၏ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

ပခုက္ကူ အောက်တိုဘာ ၂၇

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ တင်းဂါတ်ကျေးရွာအုပ်စု၊ ရာကျော်ခုံကျေးရွာ၊ အောင်ချမ်းသာကျောင်းတိုက်၌ ပုရိမဝါမ ထမြောက်အောင်မြင်တော်မူကြကုန်သော ဘုရားအမှူးပြုသော သံဃာတော်အရှင်သူမြတ်တို့အား မြို့နယ်ပညာရေး ဝန်ထမ်းမိသားစုများစုပေါင်း၍ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကြွရောက်တော်မူလာကြသော ပခုက္ကူမြို့၊ မဟာဝိသုတာရာမပါဠိတက္ကသိုလ် (အလယ်တိုက်)မှ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဘန္ဒန္တအရိယာဝံသ၊ ဆရာတော်သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်သည်တော်များက “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ကြသည်။

ထို့နောက် ဆရာတော်သံဃာတော်အရှင်သူမြတ်များထံမှ မြို့နယ်ပညာရေးမှူး ဒေါ်ခင်တိုးဝင်းနှင့် အခြေခံပညာကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာများက ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာ့ဂုဏ်တော်များနှင့် အန္တရာယ်ကင်းပရိတ်တရားတော်များ နာယူခြင်း၊ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်ကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှဝေကာ ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ဘာမီသာ (ပခုက္ကူ)