သာယာဝတီ အောက်တိုဘာ ၃၁
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ အောက်တိုဘာလ ၃၀ ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်း(အနောက်ခြမ်း) စားရေရိက္ခာ ဖူလုံစေရေး ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး၀န်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် သာယာဝတီမြို့နယ်၊ ဂုံမင်းမြောင်ကျေးရွာရှိ လုပ်ငန်းရှင် ဒေါ်ရိုစီဖြူ၏ စွန့်ပစ်စပါးခွံသုံး လျှပ်စစ်ဓာတ်အားပေးစက် Gasifier 400 KW ဖြင့် စပါးခွံလောင်စာတောင့်ထုတ်လုပ်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး စပါးခွံအား ထင်းအစား ထိုး တန်ဖိုးမြှင့် လောင်စာထောင့် ထုတ်လုပ်ခြင်းအား အားပေးမြှင့်တင်ရန်နှင့် ဒေသတွင်းသာမက ပြည်ပပို့အဆင့်ထိ တင်ပို့နိုင်ရေး မျှော်မှန်းဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တစ်ရက် တန် ၆ဝ ကျ ဆန်စက် အား ကြည့်ရှုအားပေးခဲ့ပြီး Solar စနစ်ဖြင့် ဆန်စက်များလည် ပတ်ဆောင်ရွက်ရန်၊ မြို့နယ်အလိုက် ပြည်ပ ပို့ကုန်ဈေးကွက်ရှိပြီးတန်ဖိုးမြှင့် ပေါ်ဆန်းစပါးမျိုး ဧကများများ တစ်ကွင်းတစ်ဆက်တည်း စိုက်ပျိုးရန်နှင့် စပါးမျိုးများ လုံလောက်စွာရရှိရေးနှင့် တန်ဖိုးမြှင့် ပေါ်ဆန်းစပါး စိုက်ပျိုးနည်းစနစ်များအား ပြကွက်များ ဖော်ထုတ်ပြသရန် တာဝန်ရှိသူများ အား လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၊ လယ်မကျေးရွာရှိ လုပ်ငန်းရှင် ဦးအောင်စိုးနိုင်၏ အားမာန်ခေတ် လယ်ယာသုံးစက်ကိရိယာ ပစ္စည်း ထုတ်လုပ်ရေး အလုပ်ရုံသို့ သွားရောက်ခဲ့ပြီး တက်စုံသုံးအစေ့ချစက်နှင့် လယ်ယာသုံးစက် ကိရိယာအမျိုးမျိုး ထုတ်လုပ်ထားရှိမှုအား ကြည့်ရှုအားပေးခဲ့ပြီး တောင်သူတိုင်းတစ်ပိုင်တစ်နိုင် ဝယ်ယူအသုံးပြုနိုင်ရေး ဆန်းသစ်တီထွင် ထုတ်လုပ်ရန်၊ နည်းပညာနှင့် ချေးငွေရရှိရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် နတ်တလင်းမြို့နယ်၊ ကြခတ်ဝါးရုံကျေးရွာအုပ်စု တစ်ကွင်းတစ်ဆက်တည်း မိုးစပါး (၂၀၀)ဧက မျိုးစေ့ထုတ်စိုက်ခင်း ရိတ်သိမ်းနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ပန်းတိုင်အထွက်နှုန်း ရရှိရေးဆောင်ရွက်ရန် ပြောကြားခဲ့ပြီး တန်ဖိုးမြှင့်စပါး မျိုးစေ့ထုတ်ခင်းများ မြို့နယ်အလိုက်စီမံချက်ဖြင့် ဆောင်ရွက်ရန်နှင့် ဆောင်းသီးနှံစိုက်ရာသီတွင် စိုက်ပျိုးရေလုံလောက်စွာရရှိရေးနှင့် သတ်မှတ်ဧကပြည့်မီစွာ စိုက်ပျိုးသွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)
 
     
    