ဖောင်းပြင်မြို့တွင် ဆောင်းသီးနှံစိုက်ပျိုးချိန် စိုက်ပျိုးစရိတ်မြင့်မားနေခြင်းကြောင့် သီးနှံပေါ်ချိန်ဈေး ကောင်းရရှိရန် တောင်သူများမျှော်လင့်

ဖောင်းပြင် အောက်တိုဘာ ၃၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ဆောင်းသီးနှံများကို စိုက်ပျိုးနေကြပြီဖြစ်ရာ စိုက်ပျိုးရေးအတွက် အသုံးပြုရသည့် ဒီဇယ်၊ ပေါင်းသတ်ဆေး၊ လုပ်အားခနှင့် အခြားသွင်းအားစု ပစ္စည်းများဈေးနှုန်းမြင့်တက်နေပြီး စိုက်ပျိုးရာတွင် ကုန်ကျစရိတ်မြင့်မားနေခြင်းကြောင့် သီးနှံများ ပေါ်ချိန်တွင် ဈေးကောင်းရရှိရန် တောင်သူများမျှော်လင့်နေကြသည်။

" လက်ရှိမှာက ဒီဇယ်ဈေးတက်နေတော့ ထွန်ယက်ခတွေ ဈေးမြင့်နေတယ်။ ကိုယ်ပိုင်ထွန်စက် မရှိတဲ့ တောင်သူတွေက ဈေးကြီးကြီးနဲ့ အငှားခေါ်ကြရတာတွေလည်းရှိတယ်။ ပြီးတော့ မသုံးမဖြစ်အသုံးပြုရတဲ့ ပေါင်းသတ်ဆေးလည်းဈေးကြီးတယ် လုပ်အားခတွေကလည်း ဈေးကြီးနေတော့ သီးနှံတွေရောင်းချရတဲ့အချိန်မှာ ဈေးကောင်းကောင်းနဲ့ ရောင်းရမှသာ တောင်သူ တွေကအဆင်ပြေကြမှာပါ" ဟု ပိုးစာကုန်းကျေးရွာက ပဲစိုက်တောင်သူ ဦးကျော်လင်းမောင်ကပြောပြသည်။

တောင်သူများအနေဖြင့် သီးနှံစိုက်ပျိုးနိုင်ရန်အတွက်ထွန်ယက်ရာတွင် ဒီဇယ်တစ်ဂါလန် ၄၀၀၀၀ ကျပ်ဈေးနှုန်းရှိနေပြီး တစ်ဧကစာအတွက် ပေါင်းသတ်ဆေးဈေးနှုန်းမှာ ၁၀၀၀၀၀ကျပ်ရှိကြောင်း၊ တစ်ဧကစိုက်ပျိုးစရိတ်အနေဖြင့် စုစုပေါင်းကုန်ကျစရိတ်မှာ ၃၅၀၀၀၀ ခန့်ရှိကြောင်း၊ စိုက်ပျိုးစရိတ် မြင့်မားနေခြင်းကြောင့် အချို့တောင်သူများမှာ စိုက်ပျိုးနိုင်ခြင်းမရှိဘဲ မြေကွက်များ ချန်လှပ်ထားရ ကြောင်း ဦးကျော်လင်းမောင်၏ ပြောကြားချက်အရသိရသည်။

ဖောင်းပြင်မြို့နယ်တွင် ပဲမျိုးစုံဖြစ်သည့် မြေထောက်ပဲအနီ၊ မြေထောက်ပဲအဖြူ၊ ပုဂံပဲ၊ ပဲစာဥနှင့် ပဲယင်းအပြင် ဆီထွက်သီးနှံဖြစ်သည့် မြေပဲ၊ နေကြာတို့ကို အများဆုံးစိုက်ပျိုးကြပြီး စားဖိုဆောင် သီးနှံဖြစ်သည့် ကြက်သွန်ဖြူ၊ အာလူးနှင့် ရာသီပေါ်သီးနှံဖြစ်သည့် ပြောင်းချိုနှင့် အခြားစားဖိုဆောင် သီးနှံတို့ကို စိုက်ပျိုးကြကာ ဆီထွက်သီးနှံနှင့် စားဖိုဆောင်သီးနှံမှာ ဒေသတွင်းအသုံးပြုသည့် သီးနှံများဖြစ်ကြောင်း၊ ပဲမျိုးစုံမှာ မုံရွာမြို့၊ မန္တလေးမြို့များသို့ တင်ပို့ရောင်းချသည့် သီးနှံများ ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)