ပုလော အောက်တိုဘာလ ၃၁
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့ အမှတ် (၄)ရပ်ကွက် ရွှေဟင်္သာ သမဝါယမအသင်း အသင်းသားတောင်သူများ စိုက်ပျိုးထားရှိသည့် လယ်ဧက ၆၈ ဧက တွင် မှော်ဘီ(၃) စပါးစိုက်ခင်းများအား ပုလောမြို့နယ် သမဝါယမ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးမိုးနှင့် တာဝန်ရှိသူများက အောက်တိုဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ် ဆေးခဲ့ကြောင်းသိရသည်။
ပုလောမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မြစိမ်းရောင် (သမဝါယမကဏ္ဍ) နိုင်ငံစီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးဧက (၂၇၉) ဧကရှိကြောင်း၊ အဆိုပါ မိုးစပါးစိုက်ပျိုး ဧကများကို မကျည်းကုန်း ကျေးရွာ၌ ရွေဝါရင် သမဝါယမအသင်း၊ မင်းပြင်ထိန်ကျေးရွာ၌ ထိပ်တန်းရှင် သမဝါယမ အသင်း၊ အမှတ်(၂) ရပ်ကွက် ၌ ဇီဇဝါ သမဝါယမအသင်း၊ အမှတ်(၄) ရပ်ကွက်၌ ရွှေဟင်္သာ သမဝါယမ အသင်း၊ စုစုပေါင်း အသင်း(၄)သင်းမှ အသင်းသား တောင်သူ ၄၀ ဦး ဦးဆောင်၍ မှော်ဘီ (၃) စပါးစိုက်ခင်း များကို စိုက်ပျိုးထားရှိပြီး လျာထားချက်ပြည့်မီရေး တစ်ဧကပန်းတိုင်းအတွက်နှုန်းရရှိရေး ကြိုးစား ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်သမဝါယမ ဦးစီးဌာနမှ သိရှိရသည်။
အေးအေးမော်(ပုလော)