ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဖူးစားပြောင်း ၇၄၈ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်

ပွင့်ဖြူ အောက်တိုဘာ ၃၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဖူးစားပြောင်း ၇၄၈ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ပြီး သတ်မှတ်စိုက်ဧက ပြည့်မီစေရန် တောင်သူများက ဆက်လက်ကြိုးပမ်းစိုက်ပျိုးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဖူးစားပြောင်း ၃၀၅၀ ဧက စိုက်ပျိုးရန်လျာထားပြီး အဆိုပါ ဖူးစားပြောင်းသီးနှံစိုက်ပျိုးခြင်းကို ယခုနှစ် အောက်တိုဘာလမှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့တွင် ၇၄၈ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း လျာထားချက်စိုက်ဧက ပြည့်မီစေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက တောင်သူများနှင့် ပူးပေါင်းကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

"ဒီနှစ် ပွင့်ဖြူမြို့နယ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ဖူးစားပြောင်း ၃၀၅၀ ဧက စိုက်ပျိုးဖို့လျာထားပါတယ်။ သတ်မှတ်စိုက်ဧက ပြည့်မီအောင်ဆောင်ရွက်သွားမှာပါ။ ဒီနေ့ထိဖူးစားပြောင်း ၇၄၈ ဧက စိုက်ပျိုးပြီးစီးပြီ ဖြစ်ပါတယ်။ ဖူးစားပြောင်းသီးနှံ အောင်မြင်ဖြစ်ထွန်းစေဖို့၊ စိုက်ဧကတွေ တိုးချဲ့စိုက်ပျိုးနိုင်ဖို့နဲ့ အထွက်နှုန်းများ ကောင်းမွန်စေဖို့ အသိပညာပေးတာတွေ၊ ပိုးမွှားရောဂါ ကျရောက်မှုမရှိအောင် နည်းပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေပါတယ်" ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။

ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပွင့်ဖြူမြို့နယ်အတွင်းရှိ ဖူးစားပြောင်းစိုက်ပျိုးတောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မြေမှန်မျိုးမှန် စနစ်တကျစိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေးဆိုင်ရာသင်တန်းနှင့် ဆွေးနွေးပွဲများ ဆောင်ရွက်ပေးခြင်း၊ တောင်သူပညာပေးကွင်းသရုပ်ပြပွဲများ ဆောင်ရွက်ခြင်း၊ ဖောငမြှောင်တောင်ပိုး ကြိုတင်ကာကွယ်ရေး၊ ဘက်စုံသီးနှံကာကွယ်ရေးစသည့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ဖူးစားပြောင်းသီးနှံစိုက်ပျိုးရာတွင် တစ်ဧကလျှင် ပြောင်းဖူးရေ ၁၅၀၀၀ ထွက်ရှိပြီး တစ်ဧက စိုက်ပျိုးပါက ငွေကျပ် ငါးသိန်းကျော် ကုန်ကျစရိတ်ရှိကြောင်း ဖူးစားပြောင်းသီးနှံစိုက်ပျိုးခြင်းဖြင့် သီးနှံဝင်ငွေ အကျိုးအမြတ်ရရှိ၍ ဒေသခံတောင်သူများက ဖူးစားပြောင်းသီးနှံအား မိုးရာသီနှင့် ဆောင်းရာသီတွင် အားထားစိုက်ပျိုးကြကြောင်း သိရသည်။

ဖူးစားပြောင်းကို အထွက်နှုန်းတိုးတက်ကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း စားသုံးမှုကို ဖူလုံစေမည့်အပြင် ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် ဝင်ငွေရရှိကာ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာမည်ဖြစ်သောကြောင့် ဖူးစားပြောင်းကို ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)