ဘိုကလေး အောက်တိုဘာ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် (၃၉)ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတော်အား နိုဝင်ဘာ(၁)ရက်၊ တန်ဆောင်မုန်းလဆန်း(၁၂)ရက်မှ နိုဝင်ဘာ(၅)ရက်၊ တန်ဆောင် မုန်းလပြည့်ကျော်(၁)ရက်နေ့ထိ (၅)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာဖြင့် အစဉ်အလာမပြတ် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ရာ ယနေ့နံနက်(၅)နာရီခွဲအချိန်တွင် မြို့နယ်နှစ်ကျိပ်ရှစ် ဆူတန်ဆောင်း တော်အတွင်း၌ ဆရာတော်၊ သံဃာတော်ကြီးများအား ပင့်ဖိတ်၍ နှစ်ကျိပ်ရှစ်ဆူ မြတ်ဘုရားများအား အနေကဇာတင်လှူပူဇော်ခဲ့သည်။
ထို့နောက် အနေကဇာတင်လှူသည့် ဆရာတော်ကြီးများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့် ကော်မတီဝင်များ၊ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတော် ကျင်းပရေး ဦးစီးကော်မတီဝင်များက နဝကမ္မလှူဖွယ်များ လှူဒါန်းခြင်း၊ ဆွမ်းဆက်ကပ်ခြင်း၊ လှူဒါန်းမှု အစုစုအတွက် ရေစက်ချတရားနာခြင်းတို့ဆောင်ရွက်ကြသည်။
ဆက်လက်၍ ယခုနှစ် (၃၉)ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတော်အားမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့်ကော်မတီဝင်များက နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတော် ကျင်းပရေး ဦးစီးကော်မတီနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတော်ဗဟိုအဖွဲ့၊ မြို့ပေါ်ရပ်ကွက်(၁၀)ခု၊ ကျေးရွာအုပ်စု (၃)ခု စသော ဥပဌာက (၁၄)ဖွဲ့က တစ်ဖွဲ့လျင်(၂)ဆူနှုန်းဖြင့် မြတ်ဘုရား(၂၈)ဆူအား ပင့်ဆောင်၍ မင်္ဂလာစည်တော်နှင့်အတူ မြို့နယ်တွင်းလှည့်လည်ပူဇော် အကြည်ညိုခံခဲ့ကြသည်။
လှည့်လည်ပူဇော်ခံအပြီးတွင် မြတ်ဘုရားများအား သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု ယာယီစံကျောင်းတော်များတွင် သီတင်းသုံးစေပြီး (၃၉)ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတော်အား နိုဝင်ဘာ(၁)ရက်၊ တန်ဆောင်မုန်းလဆန်း(၁၂)ရက်မှစတင်၍ သတ်မှတ်လမ်းကြောင်းအလိုက် မြို့တွင်းသို့ စည်ကားသိုက်မြိုက်စွာဖြင့် လှည့်လည်အပူဇော်ခံ ဒေသစာရီကြွရောက်ကြမည်ဖြစ်ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)