ဘားအံ အောက်တိုဘာ ၃၁
ကရင်ပြည်နယ်အစိုးရအဖွဲ့ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် လျှပ်စစ်ဆိုလာတပ်ဆင်ခြင်း သင်တန်းဖွင့်ပွဲကို အောက်တိုဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်၊ အိန္ဒုကျေးရွာ၊ အိန္ဒုပအိုဝ်းစိန်ရတနာ ကျောင်းတိုက်၌ ကျင်းပသည်။
ဦးစွာ ကရင်ပြည်နယ်အစိုးရ အဖွဲ့ခေတ္တဝန်ကြီးချုပ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသူကျော်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များသည် အိန္ဒုပအိုဝ်းစိန်ရတနာကျောင်းတိုက် ဆရာတော်အား သွားရောက်ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ လျှောက်ထားတင်ပြကာ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် သင်တန်းဖွင့်ပွဲကို အဆိုပါတိုက်ကျောင်းဓမ္မာရုံ၌ ကျင်းပရာ ခေတ္တဝန်ကြီးချုပ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးမင်းသူကျော်က သင်တန်းသားများအနေဖြင့် သင်တန်းမှသင်ကြားပေးမည့် သင်ခန်းစာများကို လက်တွေ့ဘဝနယ်ပယ်တွင် အသုံးချနိုင်ရန်အတွက် အားသွန်ခွန်စိုက် ကြိုးစားအားထုတ်သွားကြစေလိုပြီး သင်တန်းပြီးစီးပါက သင်ယူရရှိခဲ့သည် အသိပညာ၊ အတတ်ပညာနှင့် ကျွမ်းကျင်မှုများကိုအသုံးချ၍ မိမိတို့၏ မိသားစု၊ ရပ်ရွာဒေသ၊ ပြည်နယ်နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက သင်တန်းများဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် ဖွင့်လှစ်ခဲ့သောသင်တန်းများမှ ဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကာ ခေတ္တဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သင်တန်းသားများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)
 
     
    