ဂန့်ဂေါ အောက်တိုဘာ ၂၉
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ မြို့မဈေးတွင် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သည့်အတွက် မီးဘေးအန္တရာယ်မဖြစ်ပွားစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိ မှုအခြေအနေများကို ယနေ့နံနက် ၉ နာရီက ဂန့်ဂေါခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ရဲရန်ပိုင်နှင့်တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါ ကွင်းဆင်းကြည့်ရှု့စစ်ဆေးခြင်းကို ဂန့်ဂေါခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ရဲရန်ပိုင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးသန်းထိုက်အောင် ဦးဆောင်သည့် ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ခရိုင်လျှပ်စစ်မန်နေဂျာ ဒေါ်တင်ဇာနည်မျိုး၊ မြို့နယ် လျှပ်စစ်မန်နေဂျာ ဦးရမ်ဇလှဲမှုန်းနှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံ ဒေါ်သင်းသင်း အေးနှင့်ဝန် ထမ်းများ၊ မြို့မဈေးကော်မတီဥက္ကဌ ဦးအေးတင့်နှင့်ဈေးကော်မတီဝင်များပူးပေါင်း၍ မြို့မဈေး အတွင်း/ အပြင်ရှိ ဈေးဆိုင်ခန်းများနှင့်စားသောက်ဆိုင်များတွင် ရောင်းချနေသည့် ကုန်ပစ္စည်းပမာဏနှင့် ထားရှိသည့် မီးသတ်ဆေးဘူး ပမာဏကိုက်ညီမှု ရှိ/မရှိ၊ မီးလောင်စေနိုင်သည့်ကုန်ပစ္စည်းများ မြောက်များစွာ သိုလှောင်ထားခြင်း မရှိစေရေး၊ ဈေးကြီးအတွင်း မီးသတ်ယာဉ် ဝင်/ထွက်သွားလာနိုင်မှုအခြေအနေများ၊ မီးသတ်ဆေးဘူးအသုံးပြုရမည့် နည်းလမ်းများ၊ လုံခြုံရေးမီးနှင့်အပြင်ဆိုင်ခန်းများတွင် သွယ်တန်းထားသော လျှပ်စစ်ဝါယာကြိုးများ၏ ခံနိုင်ဝန်အားပမာဏကို ညွှန်ကြားချက်နှင့်အညီ သုံးစွဲထားခြင်းရှိ/မရှိနှင့် ဆိုလာမီး အသုံးပြုသည့် ဆိုင်ခန်းများတွင် မီးဘေးအန္တရာယ်ကင်းရှင်းစေရေးတို့ကို စစ်ဆေးကာ ဈေးအတွင်းရှိ ရေဂါလံ(၄၆၀၀)ဆံ့ အမြင့်တင်ရေစင်(၂)စင်၊ ရေဂါလံ(၁၆၀၀)(၁၀၀၀)နှင့်(၅၀၀)ဆံ့ ရေကန်(၃)ခုနှင့် မီးသတ် ရေငုတ်(၆)ခုတို့မှ ရေပက်ဖြန်းနိုင်မှုအခြေအနေများကို ကြည့်ရှု့စစ်ဆေးခဲ့ကြသည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ရဲရန်ပိုင်က မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှဝန်ထမ်းများ၊ မြို့မဈေးကော်မတီ၊ ဈေးအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ ဈေးဆိုင်ခန်း ပိုင်ရှင် ဈေးသူ/ဈေးသားများနှင့် တွေ့ဆုံကာ မြို့မဈေးရှိ ဈေးဆိုင်ခန်းများ မီးဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် ပြုပြင်ဆောင်ရွက်ရန် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
မောင်မျိုးမင်း